KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့မှာ အုပ်ချုပ်ရေး နဲ့ အခွန်ငွေကြေး ကောက်ခံရေးစတင်နေ 

နိုဝင်ဘာ ၁၃၊ ဆင်ဘို 

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA  နှင့် PDF တို့ ပူးပေါင်းသိမ်းပိုက်လိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရားတွေကို လည်ပတ်နေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

ဆင်ဘိုမြို့အုပ်ချုပ်ရေးကဏ္ဍအနေနဲ့  KIA ရဲ့ မြို့အုပ်ချုပ်ရေးမှူးထားရှိထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ယခင်စစ်ကောင်စီလက်အောက်က အုပ်ချုပ်ရေးမှူးတွေကိုသာ ဆက်လက်ခန့်အပ်ထားတာဖြစ်တယ်လို့ မြို့ခံ ရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။ 

အုပ်ချုပ်ရေးကို ဩဂုတ်လကတည်းက စတင်ခဲ့တာဖြစ်ပြီးနောက် စာသင်ကျောင်းတွေကိုလည်း ဒေသခံ ဆရာ/မ ၊ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ဆရာ/မတွေနဲ့ ပြန်လည်ဖွင့်လှစ်နေတာလည်းဖြစ်ပါတယ်။ 

ဆင်ဘိုမြို့နယ်မှာ အုပ်ချုပ်ရေးအပြင် ကူးလူးသွားလာရေး ၊ ကုန်သွယ်ရေးအတွက်တွေကိုလည်း အခွန်ငွေကြေးပေးဆောင်ပြီး လုပ်ဆောင်လို့ရနေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဆင်ဘိုမြို့မှ ရပ်မိရပ်ဖမများအပါအဝင် ကျေးရွာတချို့မှာ ရပ်မိရဖ (၃၀) ကျော်ဟာ KIA ရဲ့အခွန်ဌာနမှာ  အခွန်ငွေကြေးကောက်ခံနိုင်ရေး သင်တန်းတွေ သွားရောက်တက်ခဲ့ရတယ်လို့ သိရပါတယ်။ 

အစည်းအဝေးတွေ ၊ သင်တန်းတွေ သူတို့ဆီ ရပ်မိရပ်ဖတွေ သင်တန်းသွားတာ  လူဦးရေပေါင်း ၃၀ ကျော်လို့ပြောတယ် သူတို့ကောက်ဖို့။ လောလော ဆယ်တော့ တချို့တဝက်တွေပဲကောက်သေးတယ်။ ထွန်စက်တို့ ၊ ဘာတို့ ၊ အခင်းတို့က အခုမှ စတာဆိုတော့ မကောက်သေးဘူး၊ အခင်းကတော့ ကောက်ဖို့ထဲပါတယ်။ လောလောဆယ်တော့ မကောက်သေးဘူး။ ကောက်မယ့်အမျိုးအစားက သုံးဆယ်ကျော်တယ်ပါဆို အစည်းအဝေးသွားခဲ့တဲ့သူပြောတာ ” ဟု ဆင်ဘိုမြို့ခံ ရပ်မိရပ်ဖ တစ်ဦးက ပြောပြပါတယ်။ 

လက်ရှိ ဆင်ဘိုမြို့ခံတွေအတွက် စက်လှေတစ်စီး ကျပ်နှစ်သောင်း ၊ လယ်/ အခင်း တစ်ဧက ငါးသောင်းကျပ် ပေးဆောင်ရမှာဖြစ်ပြီး ဆင်ဘိုမြို့ခံမဟုတ်သူတွေကိုတော့ တခြားစျေးနှုန်းနဲ့ ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

ဆင်ဘိုမြို့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပေမယ့် စစ်ကောင်စီရဲ့ တပ်စခန်းကို ဧပြီလ ၂၉ ရက်နေ့ကမှ ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့ဟာ  ၂၀၀၂ ခုနှစ်မှာ မြို့အဖြစ်သတ်မှတ်ခံရပြီး ဧရာဝတီမြစ် ပထမမြစ်ကျဉ်းနဲ့ ၁၄ မိုင်အကွာမှာရှိပြီး  ရှမ်းနီလူမျိုးအများဆုံးနေထိုင်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *