ဒီဇင်ဘာ ၆ ၊ ဟုမ္မလင်း
ကချင်လွှတ်လပ်ရေးတပ်ဖွဲ့ KIA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ PDF များနှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်များထိန်းချုပ်နယ် အတွင်းက ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာအတွင်းမှာ ဒီဇင်ဘာ ၅ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
SNA တပ်များ ထိန်းချုပ်နယ်မြေဟုမ္မလင်းမြို့နယ် နောင်ပိုအောင် အရှေ့ဘက် နားမော်ကျေးရွာတွင်းမှာ KIA ဦးဆောင်သည့် PDF တပ်ဖွဲ့တို့ဟာ နိုဝင်ဘာလ နှောင်းပိုင်းကစပြီး လက်ရှိ ဒီဇင်ဘာလ (၆) ရက်နေ့တိုင် တိုက်ပွဲဖြစ်ပွားနေကြတယ်လို့ သိရှိရပါတယ်။
နားမော်ကျေးရွာတွင်းဝင်ရောက်နေရာယူတပ်စွဲထား KIA+PDFနှင့် ရှမ်းနီတပ် SNA တို့အပြန်လှန်ပစ်ခတ်နေကြချိန် ဟုမ္မလင်းမြို့ရှိ စစ်ကောင်စီတပ်လည်း နားမော်ကျေးရွာတွင်းသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးကြောင်း ပြောဆိုမှုတွေလည်း ကြားသိနေရပေမယ့် ဒေသခံတွေရဲ့ အတည်ပြောဆိုတာမျိုးတော့ မရရှိသေးပါဘူး။
ဒါကြောင့် နားမော်ကျေးရွာအတွင်း တိုက်ပွဲကြောင့် လူနေအိမ်များ ပျက်စီးမှုတွေရှိလာနေတာတယ်လို့ သိရပါတယ်။
“ရွာပျက်သွားတာ ဟုတ်တယ်၊ မပြီးသေးဘူး၊ အပြန်လှန်ပစ်ခတ်နေကြဆဲ၊ ရွာက တော်တော်အထိနာနေပြီ” လို့ စစ်ဘေးရှောင် နားမော်ကျေးရွာသားတစ်ဦးက ရှမ်းနီအသံကိုပြောပြပါတယ်။
ဟုမ္မလင်းမြို့နယ်တွင်းကတိုက်ပွဲများနှင့်ပတ်သက်ပြီး လက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ်တာမျိုးကို မပြောဆိုလိုပေမယ့် လူနေကျေးရွာတွေကို ပစ်မှတ်ထားပြီး တိုက်ပွဲဖော်ဆောင်တာမျိုးဟာ မဖြစ်သင့်ကြောင်း ရှမ်းနီဒေသ နိုင်ငံရေးသမားအသိုင်းဝိုင်းများက ဝေဖန်ပြောဆိုနေကြပါတယ်။
KIA ဦးဆောင်တဲ့ PDF တပ်ဖွဲ့ဟာ နားမော်ကျေးရွာတွင်းက ကျောင်းဆရာ/မ နှစ်ဦးနှင့် နားမော်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးနှင့် မိခင်တို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးသွားကြောင်း သိထားရပြီး လက်ရှိချိန်ထိ ၎င်းတို့၏ အခြေနေ တစ်စုံတစ်ရာ သတင်းအချက်လက်များ ပြတ်တောက်နေဆဲဖြစ်ပါတယ်။