
အောက်တိုဘာ ၂၄ ၊ ဖားကန့်
ဖားကန့်မြို့နယ် ကံဆီးကျေးရွာအနီးရှိ KIA တပ်မဟာ (၉) နယ်မြေအတွင်းမှာ KIO ရဲ့ ၆၂ နှစ်ပြည့်နှစ်ပတ်လည်ပွဲ ပြုလုပ်နေချိန်မှာ စစ်ကောင်စီတပ်တွေက ဗုံးကျဲတိုက်ခိုက်မှုကြောင့် KIA တပ်သားတွေအပါအဝင် ကချင်နာမည်ကျော်အဆိုတော်များ၊ ဒေသခံပြည်သူများ ထိခိုက်သေဆုံးသူများပြားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန်မှာ ဂျက်လေယာဉ်သုံးစီးက အင်းတော်ကြီးဒေသအနောက်ဘက်ခြမ်းကနေ ဝဲပျံသွားပြီးနောက် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအနီးမှာ ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ တိုက်ပွဲကတော့ဖြစ်သံမကြားဘူး၊ ညက တိုက်လေယာဉ်သုံးစီးလာသွားတာလေ။ ၈ နာရီ ၄၀ လောက်တော့ရှိမယ်ထင်တယ်။ သိပ်မကြာဘူး လုံးခင်းက အသံကြားတယ်ထင်တယ် ပြောခဲ့ပြီလေ ဗုံးကျဲသွားတယ်ဆိုတာ။” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပြပါတယ်။
ထိခိုက်သေဆုံးမှုတွေထဲမှာ KIA ခေါင်းဆောင်ပိုင်းတချို့၊ တပ်သားများနဲ့ ဒေသခံတွေလည်းအများအပြားပါဝင်တယ်လို့ သိရပြီး KIA ဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
လတ်တလောရရှိထားတဲ့သတင်းတွေအရ သေဆုံးသူ ၅၀ ဝန်းကျင်ရှိပြီး ကချင်တိုင်းရင်းသားအဆိုတော် အော်ရာလီ အပါအဝင် တခြား ကချင်အနုပညာရှင်များလည်း ထိခိုက်သေဆုံးမှုမှာပါဝင်တယ်လို့သိရပါတယ်။