NCA (၁၀) နှစ်ပြည့်အခမ်းအနားဘာတွေပြောဆိုကြသလဲ 

အောက်တိုဘာ ၁၅ ၊ နေပြည်တော် 

တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တာဟာ ၁၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး နေပြည်တော်မှာ အခမ်းအနားတစ်ရပ်အနေနဲ့ကျင်းပနေတာတွေကိုတွေ့မြင်ရပါတယ်။ 

ဒီနေ့အခမ်းအနားမှာတော့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ နဲ့ခေါင်းဆောင်တချို့တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ 

NCA လက်မှတ်ရေးထိုးခဲ့တဲ့ KNU က ဥက္ကဌဟောင်း မူတူးစေးဖိုး ကိုယ်တိုင်တက်ရောက်လာပြီး မိန့်ခွန်းတစ်ရပ်ကိုလည်းပြောခဲ့ပါတယ်။ 

ငြိမ်းချမ်းရေးဆိုတာစာချုပ်ပေါ်မှာ  လက်မှတ်ထိုးရုံသက်သက်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အရာမဟုတ်ပါ။ စစ်မှန်တဲ့ စိတ်ဓာတ်နဲ့ဆန္ဒတူညီမှုနဲ့သာပေါ်ပေါက်လာနိုင်ပါတယ်။ အဲ့တာကြောင့် အနာဂတ်အတွက် အန်စီအေကိုအခြေခံ ညှိနှိုင်းဆွေးနွေးမှုတွေပြန်လည်စတင်ဖို့ အပြန်အလည် ယုံကြည်တည်ဆောက်ဖို့ ပြည်သူအတွက်ငြိမ်းချမ်းရေးကို အားထုတ်ဖို့လိုပါတယ်” လို့ သူကပြောပါတယ်။ 

KNU ဘက်ကတော့  ဥက္ကဌဟောင်း မူတူးစေးဖိုးတက်ရောက်မှုဟာ အဖွဲ့အစည်းနဲ့ သက်ဆိုင်မှုမရှိဘဲ ပုဂ္ဂလိက သဘောဆန္ဒသာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

NCA လက်မှတ်ရေးထိုးထားတဲ့ KNU ၊ CNF ၊ ABSDF ၊ PNLO တို့ကတော့ ဒီအခမ်းအနားကိုတက်ရောက်လာခြင်းကိုမတွေ့ရပေ။ 

ဒီအခမ်းအနားကို NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီ ၆၀ နီးပါး နဲ့   နိုင်ငံတကာအသိသက်သေများ ၊ တရုတ်အထူးကိုယ်စားလှယ်၊​ အိန္ဒိယ ၊ ရုရှားကိုယ်စားလှယ်များက တက်ရောက်ထားပါတယ်။ 

NCA ၁၀ နှစ်ပြည့်လာချိန်အထိ စာချုပ်ပါအတိုင်းအကောင်အထည်ဖော်ဖို့ အချိန်နောက်ကျနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုထားပါတယ်။ 

“  အခုကျွန်တော်တို့ ငြိမ်းချမ်းရေး ၁၀ နှစ်ပြည့်လုပ်တယ်။ အမှန်မှာတော့ ဒီစနစ်ကိုအကောင်အထည်ဖော်နိုင်ဖို့ကျွန်တော်တို့တွေနောက်ကျနေပါတယ်။ ၁၀ နှစ်အတွင်းမှာလည်း ပထမ ၅ နှစ်  ဒုတိယ ၅ နှစ်၊ ပထမ ၅ နှစ်မှာလည်း ငြိမ်းချမ်းရေးညီလာခံလုပ်ပြီးတော့မှ ဒီဟာကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် အကြောင်းအမျိုးမျိုးနဲ့ကျွန်တော်တို့တွေကျန်ခဲ့တယ်။ နောက်ကျွန်တော်တို့တာဝန်ယူတဲ့ကာလကျတော့လည်း တပ်မတော်အနေနဲ့မလုပ်နိုင်ဘူးဆိုပြီးလည်းပြောကြတယ်။ တပ်မတော််ကလည်း ဒီထဲမှာ လက်မှတ်ရေးထိုးထားတယ်။ ကျွန်တော်ကိုယ်တိုင်လက်မှတ်ထိုးထားတယ်။ကျွန်တော်တို့ကိုယ်တိုင်လုပ်ထားတဲ့ကတိတွေကိုမဖျက်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ စောစောစီးစီး ဆွေးနွေးညှိနှိုင်းခဲ့နိုင်ရင် အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။” 

တိုင်းရင်းသားတွေအနေနဲ့လည်း ဖြစ်နိုင်တဲ့အခြေအနေတွေကိုပဲတောင်းဆိုကြဖို့အတွက် မိန့်ခွန်းပြောပြီးနောက် ထပ် ၁၀ မိနစ်သီးသန့်ပြောဆိုမှုမှာထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။ 

တိုင်းရင်းသားနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း  ဖြစ်နိုင်တာကိုပဲပြောကြဖို့ လုပ်ဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။ မဖြစ်နိုင်တာကိုပဲ ပြောပြီး လုပ်နေလို့မရပါဘူး။ ဒါ့ကြောင့်ကျွန်တော်တို့ ဦးတည်ချက်မှန်ကန်စွာလုပ်ဖို့လိုပါတယ်။” 

(၁၀)နှစ်ပြည့် အခမ်းအနားကို အာဆီယံနဲ့ နိုင်ငံတကာက မတက်ရောက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ က အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မွန်ပြည်သစ်ပါတီ NMSP (AD) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ကျောင်းသားတပ် ABSDF တို့က ကန့်ကွက်ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *