အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ဦးဆောင်ပြီး ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဧပြီလ ၄ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။
NUCC ၊ NUG ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ လွတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၊ လေ့လာသူများ တက်ရောက်ပြီး ဆွေးနွေးနေကြတာပါ။
“ ကျွန်တော်တို့ အားလုံးဟာ အရေးကြီးတဲ့အရွေ့တစ်ခုကို ရင်ဆိုင်ကျော်ဖြတ်နေရတယ်။ ပြည်သူ့ညီလာခံ ဟာ တစ်ဦးစီအတွက်သော်လည်းကောင်း၊ နောင်လာနောက်သား အနာဂတ်မျိုးဆက် တွေအတွက်သော်လည်းကောင်း အရေးပါတဲ့ တီညီလာခံတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုတော်လှန်ရေးကာလမှာ လိုအပ်တဲ့ စုဝေးမှု တစ်ရပ်ဖြစ်ပါတယ်။” လို့ KNPP ခေါင်းဆောင် ခူဦးရယ်က ပြောပါတယ်။
ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ၊ အမျိုးသားညီညွတ်ရေး တွေရဲ့ မူဝါဒများကို သုံးသပ်မှုများ၊ ဆုံးဖြတ်အတည်ပြုခြင်းများ၊ လုပ်ဆောင်သွားဖို့ လိုအပ်တဲ့ လုပ်ငန်းနယ်ပယ်တွေကို ချမှတ်ပေးတာတွေ ဆောင်ရွက်သွားမယ်လို့ ကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။
ဒါ့အပြင် NUCC က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင် ၊ ကောင်စီ တွေကို လည်း ပြည်သူ့ညီလာခံကနေ အတည်ပြုပေးမယ့် အစီအစဉ်တွေပါဝင်တယ်လို့သိရပါတယ်။
ညီလာခံဟာ ဧပြီလ ၄ ရက်နေ့က ၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီးတော့ ကော်မတီအစီရင်ခံစာတွေသာမက ဝန်ကြီးဌာနအသီးသီး၊ တော်လှန်ရေးအင်အားစုအဖွဲ့အသီးသီးက အစီရင်ခံစာတွေ တင်သွင်းဖို့နေတယ်လို့ သိရပါတယ်။
ပထမအကြိမ် ပြည်သူ့ညီလာခံကနေ ၆ လတစ်ကြိမ် ပြည်သူ့ညီလာခံကျင်းပဖို့ ဆုံးဖြတ်ချက်ရှိခဲ့ပေမယ့် တစ်နှစ်ကျော်အကြာမှာ ဒုတိယအကြိမ်ကို ကျင်းပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပထမအကြိမ် ပြည်သူ့ညီလာခံကို လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ၃ ရက်တာ ကျင်းပခဲ့ကြပြီး CDM များ၊နွေဦးတော်လှန်ရေး စစ်ဘက်အဖွဲ့များအပါဝင်နှင့် အရပ်ဘက်အဖွဲ့စည်းအစုံ စုစုပေါင်း ၃၈၈ ဦးတက်ရောက်ခဲ့ကြပါတယ်။