NUG ထိန်းချုပ်ထားသည့်ကောလင်းမြို့အဝင်လမ်းပိုင်းများအားလုံးပိတ်ခံလိုက်ရ

NUG သိမ်းပိုက်ပြီးနောက် တွေ့ရသည့် ကောလင်းမြို့

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့နယ်အတွင်း ဝင်ရောက်မည့် လမ်းပိုင်းများအားလုံးကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး ပိတ်လိုက်ပြီဖြစ်တယ်လို့ ကားလိုင်းများထံကနေ စုံစမ်းသိရပါတယ်။ 

“ ကသာကနေမှ ကောလင်းကိုသွားတဲ့ ကားတွေကျတော့  အင်းတော်မှာပိတ်ထားတာ၊ အဲ့တာက စစ်တပ်ကပိတ်ထားတာ၊ ကသာက တက်တဲ့ကားတွေမှန်သရွေ့ ကောလင်းကိုသွားမယ်ဆိုရင် ပြန်လှည့်ခိုင်းတာ၊ အင်းတော်မှ စပြီးတော့မှ ပိတ်ထားတာ၊ မန္တလေးဘက်ကနေ တက်တဲ့ကားတွေကိုကျတော့ ကျောက်တန်းမှာ ပိတ်ထားတာ၊ ကောလင်းအဝင် ချိုးဝင်တဲ့ဘက်ကို ပိတ်ထားတာ” လို့ ယာဉ်လိုင်းများနှင့် နီးစပ်သူ တစ်ဦးက ပြောပြပါတယ်။ 

ကောလင်းမြို့ကို ဝင်ရောက်နိုင်သည့် အဓိကလမ်းမကြီးများဖြင့်သည့် ကျောက်တန်းလမ်းဆုံအနီးတွင် ဂိတ်တစ်ခုပြုလုပ်ပြီး ပိတ်ထားသလို ၊ ကောလင်းသို့သွားမည့် ကုန်တင်ကား၊ ခရီးသည်ယာဉ်လိုင်းများအားလုံး ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။ 

ကောလင်းမြို့ကို NUG နှင့် တော်လှန်ရေးအင်အားစု တပ်ပေါင်းစုများ သိမ်းပိုက်ထားပြီး နှစ်လနီးပါးအကြာမှာ စစ်ကောင်စီက လမ်းပိုင်းများကို စတင်ပိတ်ပင်လာတာလည်းဖြစ်ပါတယ်။ 

“ ကောလင်းက PDF နယ်မြေတွေဖြစ်တယ်ဆိုတော့ ဝင်ပေါက်ထွက်ပေါက်တွေအကုန်လုံးကို ပိတ်ဆို့တဲ့သဘောပေါ့။ စားသောက်ကုန်တွေဖြတ်တော့မယ်နဲ့ တူပါတယ်”​လို့  ဒေသခံ တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ 

NUG ထိန်းချုပ်ထားပြီးတဲ့နောက် ကောလင်းမြို့ဟာ ၈၀ ရာခိုင်နှုန်းနီးပါး ပြည်လည်ပတ်နေပြီး ကုန်စည်စီးဆင်းမှု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း တစ်လကျော်အကြာ ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ NUG သိမ်းပိုက်ထားသည့် မြို့သုံးမြို့ရှိပြီး မော်လူး၊ ရွှေပြည်အေးတို့ကိုတော့ လမ်းပိုင်းပိတ်ပင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *