ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့က အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားကြောင်း ကြေညာချက်တစ်စောင်ကို ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပူးတွဲထုတ်ပြန်လာခဲ့ပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ SSPP/SSA က ကိုယ်စားလှယ် ၃ ဦး RCSS/SSA ဘက်က ကိုယ်စားလှယ် ၄ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူညီမှုရရှိခဲ့တာလို့ ပြောဆိုထားပါတယ်။
ရှမ်းပြည်သူလူထု ၊ သံဃာတော်တွေ ၊ စစ်ဘက်ဆိုင်ရာ အရာရှိ တွေနဲ့ တပ်သားတွေလည်း အခုလို အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ်တွေကို သိရှိဖို့အတွက် နှစ်ဖွဲ့ ပူးတွဲပြီး ကြေညာလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းလူထုတွေ နှစ်ရှည်လများမျှော်လင့်နေတဲ့ ရှမ်းတပ် ၂ တပ်ပူးပေါင်းရေးဟာ နှစ်ဖက် ခေါင်းဆောင်တွေရဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ညွှန်ကြားမှုအရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားရေး စတင်ခဲ့တာလို့ဆိုထားပါတယ်။
SSPP/SSA နှင့် RCSS/SSA တို့ကြားမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကတည်းက ရှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတွေမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။