
ဇူလိုင် ၃၀ ၊ ချင်းမိုင်
ရှမ်းပြည်နယ်တွင် လိင်နဲ့ဂျန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ဖြစ်စဉ် (၁၇၂) ခု မှတ်တမ်းတင်ခဲ့ပြီး ထက်ဝက်နီးပါးဟာ တရားမျှတမှု လက်လှမ်းမမီကြောင်း သျှမ်းအမျိုးသမီးဆက်သွယ်လှုပ်ရှားမှုအသင်း(SWAN) ရဲ့ အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) က ယနေ့ (ဇူလိုင် ၃၀၊ ၂၀၂၆) ထုတ်ပြန်မယ့် “Justice Denied in the Face of Violence” အစီရင်ခံစာသစ်တွင် ရှမ်းပြည်နယ်အတွင်း လိင်နဲ့ဂျန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) နဲ့ တရားမျှတမှုရရှိရေး အားနည်းချက်များကို ဖော်ထုတ်ထားတာပါ။
ရှမ်းပြည်နယ်အတွင်းကို အဓိကဦးစားပေးထားတဲ့ အစီရင်ခံစာထဲမှာ SGBV ကျူးလွန်မှုတွေရဲ့ ထက်ဝက်ကျော်ဟာ ခင်ပွန်း (သို့) ချစ်သူရည်းစားတွေက ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျူးလွန်သူတွေထဲမှာလည်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များလည်းပါဝင်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၅ ရာခိုင်နှုန်းရှိထားကာ ခြိမ်းခြောက်တာ၊ ဖြစ်စဉ်တွေကိုဖုံးကွယ်ထားပြီး အပြစ်ပေးအရေးယူမှုတွေ မရှိဘူးလို့လည်း ဆိုထားပါတယ်။
“ ရှင်သန်လွတ်မြောက်လာသူတွေဟာ အကြမ်းဖက်မှုတွေကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ခံစားရရုံတင်သာမက တရားမျှတမှု၊ လုံခြုံမှုနဲ့ အထောက်အပံ့တွေ ရရှိရေးတို့မှာလည်း ကြီးမားတဲ့ အတားအဆီးတွေ ရင်ဆိုင်ကြုံတွေ့နေကြရတယ်” လို့ SWANရဲ့ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ် တာဝန်ခံ Hseng(ဆိုင်) က ပြောပါတယ်။
အကြမ်းဖက်ခံရမှုဖြစ်စဉ်တွေကို ခေါင်းဆောင်ပိုင်းတွေထံ တိုင်ကြားမှုတွေရှိခဲ့ပေမယ့် အရေးယူမှုမရှိဘဲ “ မိသားစုတွင်း ပုဂ္ဂလိကကိစ္စ”အဖြစ် သဘောထားကာ လျစ်လျူရှိခဲ့သလို တစ်ဖက်သတ်ဆန်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။
SWAN ရဲ့ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ SGBV နဲ့တွေ့ရှိချက်တွေအနေနဲ့ မုဒိမ်းကျင့်မှု၊ မုဒိမ်းကျင့်ဖို့ ကြိုးပမ်းမှုဖြစ်စဉ် (၇၀) အထိရှိခဲ့ပြီး အဲထဲမှာ အသက် ၁၈ နှစ်မှ ၃၀နှစ် အထိ ပါဝင်သလို လွတ်မြောက်လာသူတွေထဲ အငယ်ဆုံးအထိ သုံးနှစ်အရွယ်တစ်ဦးလည်းပါဝင်တယ်လို့ဖော်ပြထားပါတယ်။
SWAN အဖွဲ့ကို ၁၉၉၉ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်ဒေသတွင် ရှမ်းအမျိုးသမီးများက စတင်တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းနဲ့ ထိုင်းနိုင်ငံရှိ ရှမ်းအမျိုးသမီးများအတွက် ကျား/မ တန်းတူညီမျှမှု၊ တရားမျှတမှု ရရှိစေရန် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
