
ဇွန် ၁၇၊ ရွှေကူ
ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားက လမ်းမကြီးကို KIA ကဖြတ်သန်းခွင့်ပိတ်ပင်ခဲ့ပြီးနောက် စစ်တပ်နဲ့ KIA တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံများထံမှသိရပါတယ်။
“ ကသာဘက်က စက်ရုံတွေတောင်ပိတ်လိုက်ပြီလေ။ ရွှေကူမှာ တိုက်ပွဲပြန်ဖြစ်နေတော့ ငါးအိုးနဲ့တော့ နည်းနည်းဝေးတယ်။ ငါးအိုးနဲ့ ရွှေကူကြားက ရွာဘက်တွေမှာဖြစ်နေတာ” လို့သူကဆိုပါတယ်။
ဇွန်လ (၁၅) ရက်က ရှမ်းပြည်မြောက်ပိုင်း၊မဘိန်းမြို့ကနေ ရွှေကူမြို့သို့စစ်ကြောင်း ၄ကြောင်းနဲ့ ဦးတည်လာတဲ့ စစ်ကြောင်းကို KIA+PDF ပူးပေါင်းတပ်ကတိုက်ခိုက်ရာမှ ငါးအိုးကျေးရွာအနီး သုံးခွဆုံဒေသများမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်မှုတွေရှိသလို KIA ထိန်းချုပ်ထားတဲ့ ရွှေကူမြို့အထွက် လေးလမ်းဆုံနဲ့ ပန်းဒန်လမ်းဆုံနေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ ဗန်းမော်ကိုစစ်ကူပို့နိုင်ရေးအတွက် ရေလမ်းကြောင်းကနေလည်းအသုံးပြုဖို့ပြင် ဆင်နေတာဖြစ်တဲ့အတွက် တိုက်ပွဲကပိုမိုပြင်းထန်လာနိုင်တယ်လို့ KIA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လူမှုကွန်ရက်စာမျက်နှာများမှာ ပြောဆိုလာပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းလက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများကြောင့် ရွှေကူမြို့နယ်၊ကိုင်းရွာနဲ့ ရွှေဘုန်းမြင့်ရွာများက ဒေသခံ ၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံအများအပြား ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါမြို့နယ်အစွန်များမှာနေထိုင်တဲ့ ဒေသခံတစ်ဝက်လောက်ပဲ စစ်ဘေးတိမ်းရှောင်ကြသလို မြို့အလယ်ဝန်းကျင်က ဒေသခံတွေကတော့ တိမ်းရှောင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။
