
ဇူလိုင် ၅ ၊ ဟုမ္မလင်း
ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ ဒီနေ့ ဇူလိုင် ၅ ရက်နေ့မှာ ၃၅ နှစ်ပြည့် (ကျောက်စိမ်းရတု) ခဲ့ပြီဖြစ် ပြီး လက်ရှိမှာ ရှမ်းနီဒေသအနှံ့အပြားမှာ ရှမ်းနီလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီလို့ ထုတ်ပြောလာပါတယ်။
“ စတင်အခြေပြုတဲ့ ရှမ်းပြည်ကနေ မိမိတို့ရှမ်းနီပြည်ကို ရောက်ရှိဖို့ အချိန်အသင့်အတင့်စောင့်ဆိုင်းပြင်ဆင်ပြီးမှ ရောက်ရှိခဲ့တာဖြစ်တယ်။လွန်ခဲ့တဲ့(14)နှစ်လောက်ကတည်းက တဖြည်းဖြည်း ဝင်ရောက်လာခဲ့တာ အခုဆိုရင် ရှမ်းနီပြည်အနှံ့နီးပါး ရှမ်းနီပြည်သူလူထုနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိနေပါပြီ” လို့ SNA ရဲ့ ဗဟိုကော်မတီတွဲဘက်အတွင်းရေးမှူးက ပြောပါတယ်။
SNA ကို ၁၉၈၉ ခုနှစ်မှာ ရှမ်းပြည်မြောက်ပိုင်းတစ်နေရာကနေ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ် တို့မှာ လှုပ်ရှားနေတာလည်းဖြစ်ပါတယ်။
ရှမ်းနီပြည်နယ်ရရှိရေး ၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနစ်ပေါ်ပေါက်ရေး ၊ မြန်မာပြည်အထက်ပိုင်းက ပြည်သူများ ဘက်စုံဖွံ့ဖြိုးရေး နဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ၊ ရှမ်းမျိုးနွယ်စုများ စည်းလုံးညီညွတ်ရေး စတဲ့ မူ (၅) ချက်ကို ချမှတ်ထားတယ်လို့ သိရပါတယ်။
“ တကယ်တော့ ရှမ်းနီတော်လှန်ရေးဟာ (1977/78)လောက်ကတည်းက ဗကပတွေ အားကောင်းတဲ့အချိန်လောက်ကတည်းက စတင်ခဲ့တာပါ။ အခြေအနေအမျိုးမျိုးကြောင့် နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးလှုပ်ရှားနေကြရာကနေ ပေါင်းစည်းညီညွတ်စွာ (1989)မှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို စတင်နိုင်ခဲ့တာပါ။
ရှမ်းနီအမျိုသားများတပ်မတော်(SNA)ဟာ မူကြီး(5)ရပ်ကို အခြေခံပြီး ရှမ်းနီအမျိုးသားများပြည်နယ်အတွင်း ပြည်သူလူထုအကျိုးကို ထမ်းဆောင်လျက်ရှိပါတယ်။” လို့ သူက ဆက်ပြောပါတယ်။
SNA ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း ၊ ခန္တီး ၊ တမူး ၊ ဖောင်းပြင် ၊ ပင်လည်ဘူး ၊ ဗန်းမောက် ၊ အင်းတော် တို့မှာ တပ်မဟာ ၄ ခုနဲ့ လှုပ်ရှားနေတယ်လို့ သိရပါတယ်။