
အောက်တိုဘာ ၂၇ ၊ မိုးညှင်း
မိုးညှင်းမြို့၏ Covid19 အတည်ပြုလူနာ နောက်ဆုံးတစ်ဦးသည် ယနေ့ အောက်တိုဘာလ (၂၇) ရက်နေ့က ပြန်လည်သက်သာလာပြီး ဆင်းရုံဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။
မိုးညှင်းမြို့နယ်တွင် Covid19 အတည်ပြုလူနာ စုစုပေါင်း (၁၈) ဦးရှိရာ အားလုံးပြန်လည်သက်သာလာပြီး ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မိုးညှင်းမြို့နယ် ပြည့်သူဆေးရုံအုပ် ဒေါက်တာလာမာမီးက အတည်ပြုသည်။
“ ပိုးတွေ့လို့ ဆေးရုံတက်ထားတဲ့သူ လောလောဆယ်မရှိဘူးပြောတာ။ ပိုးတွေ့လူနာ (၁၈) ဦးစလုံး ဆေးရုံဆင်းသွားပါပြီ ။ လက်ရှိက ကျွန်မတို့က ရောဂါကို ရှာဖွေနေဆဲဖြစ်ပါတယ်။” ဟု ဒေါက်တာလာမာမီးက ဆိုပါသည်။
ရောဂါအတည်ပြုလူနာများအားလုံး ဆေးရုံဆင်းခွင့်ရပြီဆိုပေမယ့်လည်း မြို့နယ်အတွင်း ရောဂါပိုးကူးစက်ထားသူများ ရှိနိုင်သေးသည့်အတွက် ကျန်းမာရေးဌာနအနေဖြင့် ရောဂါရှာဖွေမှုများကို ဆက်လက်ပြုလုပ် သွားမည်ဟုလည်း ဆိုသည်။
စက်တင်ဘာ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၂၁ ရက်နေ့အထိ ကူးစက်လူနာ ( ၁၇ ) ဦးထိရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင် ပညာရေးဝန်ထမ်းများ ပါဝင်သည်။
မိုးညှင်းမြို့နယ်ကို Stay at home အစီအစဉ်တွင် အောက်တိုဘာ (၁၉) ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့သည်။