
အောက်တိုဘာ ၈ ၊ ကျောက်မဲ
တအာင်း(ပလောင်)အမျိုးသားများလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး သုံးရက်အတွင်းထိခိုက်သေဆုံးသူ (၁၀) ဦးထက်မနည်းရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ (၆) ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) မှ ဒီနေ့မနက်ပိုင်းအထိ သုံးရက်အတွင်း နမ္မတူမြို့နယ်၊ သီပေါမြို့နယ်၊ မိုင်းလုံမြို့ နဲ့ မိုင်းငေါ့မြို့တို့ကို လေကြောင်းမှ ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
မနေ့က အောက်တိုဘာလ ၇ ရက်နေ့မှာ ကြဲချခဲ့တဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံးကြောင့် မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာမှာ ကလေးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ၊ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၅ ဦးပါဝင်လာလည်းဖြစ်ပါတယ်။
မိုင်းငေါ့မြို့မှာလည်း ဒီနေ့မနက်ပိုင်းမှာလည်းက ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ၂ ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
မိုင်းငေါ့မြို့ မန်လုံရပ်ကွက် ရဲစခန်းရှေ့ကို ပေါင်(၂၅၀) ဗုံး (၂)လုံး၊ စျေးရပ်ကွက်ကို ရော့ကဒ် ဗုံး(၂)လုံး၊ တာလုံရပ်ကွက်ကို ရော့ကဒ် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေထိခိုက်သေဆုံးတဲ့အပြင် လူနေအိမ်အဆောက်အဦးတွေနဲ့ သာသနိက အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ကို စစ်တပ်က အောက်တိုဘာ ၁ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ကျောက်မဲမြို့နယ်အတွင်း ပါဝင်တဲ့ မိုင်းလုံမြို့နဲ့ မိုင်းငေါ့မြို့တွေကိုတော့ စစ်တပ်က လက်လွှတ်ထားရဆဲဖြစ်ပါတယ်။
လူဦးရေ ၇၀၀ နီးပါးနေထိုင်တဲ့ မိုင်းလုံမြို့က မိုးကုတ်-ကျောက်မဲလမ်းပိုင်း မိုးကုတ်မြို့နဲ့ မိုင် ၂၀ အကွာမှာတည်ရှိတဲ့ မြို့တစ်ခုဖြစ်ပါတယ်။
မိုင်းငေါ့မြို့ကျောက်မဲမြို့နဲ့ မိုင် ၃၀ အကွာအဝေးမှာရှိပြီး အိမ်ထောင်စု ၅၀၀ ကျော်နေထိုင်တဲ့ တောင်ပေါ်မြို့တစ်ခုဖြစ်ပြီး TNLA က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်မှာ သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။
