

မေ ၂၈ ၊ဘန်ကောက်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွေကို အရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ “ဝ”တပ်ဖွဲ့ကို အရေးယူဖို့အတွက် အစိုးရကို ပြောဆိုလိုက်ပါတယ်။
မေလ ၂၇ ရက်နေ့က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ “မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု ရှုထောင့်နှင့် စိန်ခေါ်မှုများ စောင့်ကြည့်ရေးကော်မတီ အစည်းအဝေး”မှာ သူကပြောဆိုခဲ့တာဖြစ်ပါတယ်။
“ ငါတို့လူငယ်တွေ ဖျက်ဆီးခံနေရတယ်။ လူတွေက စီးပွားရေးက စောင့်နိုင်ပေမယ့် မူးယစ်ဆေးဝါး ပြဿနာက မနေနိုင်ဘူး။ ရပ်ရွာတစ်ခုလုံး ဒုက္ခရောက်ပြီး အကြောက်တရားနဲ့ နေနေရတယ်” လို့ သူကပြောပါတယ်။
မကြာခင် နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပြီး “ဝ”ဒေသက မူးယစ်ဆေးဝါးထုတ်လုပ်မှု အကြောင်းပြောဆိုဖို့ရှိကာ ရပ်တန့်ပေးဖို့ တောင်းဆိုသွားမှာဖြစ်သလို မရရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဖြေရှင်းသွားရမယ်လို့ သက်ဆင်က ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကတော့ “အချိန်ကိုက် နိုင်ငံရေးလှည့်ကစားကွက်တခု ဖြစ်ပြီး အခြေအမြစ်မရှိ စွပ်စွဲချက်သာ ဖြစ်တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် မူးယစ်ကင်းစင်တဲ့ ဒေသအဖြစ် ၂၀၀၅ ခုနှစ်ကတည်းက ကြေညာခဲ့ပြီး မူးယစ်ဆေးဝါး စိုက်ပျိုး ၊ ရောင်းချ ၊ ထုတ်လုပ်၊ သယ်ဆောင်သူတွေနဲ့ သုံးစွဲသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးခဲ့တယ်လို့ သူက ဆက်ရေးသားထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် အနီးမှာ UWSA ရဲ့ တောင်ပိုင်းတိုင်း တပ်မဟာ ၁၇၁ အခြေစိုက်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ နယ်မြေအငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီး ထိုင်းစစ်တပ်က စစ်ရေးပြင်ဆင်သည့် အနေအထားတစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။
