နမ့်တောမှာ နွေရာသီကာလအတွင်း စက်သုံးဆီအတင်အချ မပြုလုပ်ရန်နဲ့ ရေသန့်ဗူးဖြင့် ရောင်းချခြင်းမပြုရန် စာထုတ်

ဧပြီ ၂၃၊ ဟုမ္မလင်း

ဟုမ္မလင်း နမ့်တောကျေးရွာအတွင်းမှာ နွေရာသီကာလတစ်လျှောက်လုံး ရေသန့်ဗူးတွေနဲ့ စက်သုံးဆီရောင်းချတာတွေကို မပြုလုပ်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ 

 မိုင်းကိုင်းကျေးရွာအုပ်စု နမ့်တောစံပြကျေးရွာမှာ  နွေရာသီကာလအတွင်း စက်သုံးဆီအတင်အချ မလုပ်ရန်၊ ဆီပေပါလှဲလှယ်ခြင်းများမပြုလုပ်ဖို့  နဲ့  နေအိမ်၊ ဈေးဆိုင်ရှေ့များတွင် ရေသန့်ဗူးတွေနဲ့  ရောင်းချခြင်းမပြုရန် အသိပေးကြေငြာချက် စာထုတ်ခဲ့တာပါ။ 

မနေ့ က ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပြီး  ဧပြီ ၁၄ ရက်နေ့မှ ဇွန် ၂၄ ရက်နေ့အထိ ၃ လ သတ်မှတ်ထားသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် မနက် ၉ နာရီ မှ ညနေ ၅ နာရီ အတွင်း စက်သုံးဆီလုပ်ငန်းရှင်များနဲ့ ဆီခြံပိုင်ရှင်များကို ဆီကဲ့ယူခြင်း၊ ထုတ်ယူ၊ လဲလှယ်ခြင်း များကို လုံးဝ မပြုလုပ်ကြရန် တားမြစ်ထားတာဖြစ်ပါတယ်။

အသိပေးတားမြစ်ထားမှုကိုလိုက်နာခြင်း မရှိပါက တာဝန်ရှိသူများက ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့ပေါ်မှာလည်း စက်သုံးဆီရောင်းချမှုတွေနဲ့ ပတ်သက်ပြီး မီးဘေးအန္တရာယ်တွေကြောင့် ရောင်းချမှု ပုံစံတွေကို ကန့်သတ်မှုများ ပြုလုပ်နေတယ်လို့ ဒေသခံ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဟုမ္မလင်းမြို့ချင်းတွင်းမြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ စက်သုံးဆီတင်ရေယာဉ် အစီး ၂၀ ကျော် တစ်ရက်နီးပါးကြာတဲ့အထိ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူများနဲ့ ထိခိုက်ရှုံးဆုံးမှု များစွာရှိခဲ့ပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကလည်း စက်တပ်ရေယာဉ်လုပ်ငန်းရှင်တွေကို နွေရာသီကာလအတွင်း ပူပြင်းလာတဲ့နေအပူချိန်ကြောင့်     လိုက်နာရမယ့် စည်းကမ်းတချို့ကို ထုတ်ပြန်ခဲ့ပါတယ်။

ယခုကာလအတွင်း အပူချိန်လွန်ကဲမှုများကြောင့် ဒေသအများအပြားမှာ မီးလောင်မှုများ မကြာခဏဆိုသလို ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *