
ဖောင်းပြင်မြို့ကနေ တောင်တန်းပေါ်အတိုင်းတက်လာခဲ့တာ တစ်ဖက်လွင်ပြင်မှာ ပင်လည်ဘူးမြို့ကို မှုန်ပြပြလေးလှမ်းမြင်နေရပါတယ်။ မြေပြန့်လွင်ပြင်ကို တောင်စဉ်တောင်တန်းတွေက ဝိုင်းရံလို့ထားပါတယ်။ မိုးညှင်းစဝ်လုံက တည်ထားခဲ့ပြီး ဝန်းသိုစော်ဘွားစဝ်အောင်မြတ်အထိ ရှမ်းနီအနွယ်တွေ အုပ်ချုပ်ခဲ့တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ရှမ်းနီဒေသတစ်ခုနဲ့တစ်ခုကို တောင်စဉ်တန်းတွေက အကန့်လိုက်ကာရံထားတာကို မော်တော်ဆိုင်ကယ်စီးသွားမှ သတိထားမိတာပါ။
တောတောင်အထပ်ထပ်အတွင်းရှိတဲ့ မြို့တစ်ခုဖြစ်တာကြောင့် တော်လှန်ရေးခေတ်အဆက်ဆက်ရဲ့ အစတွေလည်းဖြစ်ခဲ့ဖူးပါတယ်။ ဝန်းသိုစော်ဘွားစဝ်အောင်မြတ်လည်း အင်္ဂလိပ်ကို တော်လှန်ရေးအတွက် စခန်းချ၊ နန်းစိုက်ခဲ့သလို ၊ ကွန်မြူနစ်အလံနီတွေလည်း တန်ခိုးကြီးထွားခဲ့တဲ့ဒေသပါ။ အခုလည်း တော်လှန်ရေးတစ်ခုရဲ့ နယ်မြေဖြစ်လာပါပြီ။
၂၀၂၁ ခုနှစ် တော်လှန်ရေးမှာလည်း လက််လုပ်တူမီးသေနတ်တွေနဲ့ စတင်ခဲ့ပြီးတော့ မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အရှည်ကြာဆုံး ထိန်းချုပ်ထားတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ပင်လည်ဘူးမြို့ကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာတော့ NUG ၊ KIA+PDF အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲက PDF ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်ထားခဲ့တာလည်းဖြစ်ပါတယ်။ မကြာခင်ဆိုရင် ပင်လည်ဘူးမြို့ကို သိမ်းပိုက်ထားတာ နှစ်နှစ်ပြည့်တော့မှာလည်းဖြစ်ပါတယ်။
ဒီနှစ်နှစ်အတွင်းမှာ ပင်လည်ဘူးရဲ့ ပကတိအခြေအနေက ဘယ်လိုဖြစ်လာပြီလဲ။
“ ပင်လည်ဘူးမြို့အနေထားက တိုးတက်ဖို့နေနေသာသာ ၊ ပွဲစျေးတန်းတစ်ခုသာသာပဲရှိတာ ၊ မြို့အင်္ဂါရပ်ဆိုတာ ဘာမှမရှိဘူး” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲပြီးတဲ့နောက် မြို့ပေါ်နေအိမ်အားလုံးနီးပါးဟာ ထိခိုက်ပျက်စီးခဲ့ပြီး သေနတ်ဒဏ်၊ ဗုံးဒဏ် သင့်ထားတဲ့ အဆောက်အဦးတွေဖြစ်သွားသလို၊ ရှည်ကြာတဲ့တိုက်ပွဲကြောင့် မြို့ဟာ ခြုံနွယ်တွေနဲ့ပြည့်နှက်နေခဲ့တာပါ။မြို့အတွင်းကို လက်ရှိအချိန်ထိ ပြန်လည်ခြေချနိုင်ခြင်းမရှိသေးပဲ နေအိမ်ကို ပြန်ကြည့်တဲ့ အနေအထားသာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ မြို့ပျက်ပြီးတဲ့အချိန် မြို့နဲ့ မိုင်အနည်းငယ်အကွာက ကျေးရွာတစ်ခုမှာ မြို့သဏ္ဍာန်စည်ကားခဲ့ပါတယ်။
မြို့ဟာ ရွေ့သွားသလို အရင်က လည်ပတ်ခဲ့တဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၊ စီးပွားရေးအခြေအနေတွေနဲ့ လူမှုဘဝတွေလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ပညာရေးတွေဟာ NUG ရဲ့ပညာရေးကို အဓိကထားသင်ယူရပြီး ပညာရေးအတွက် ငွေကြေးတွေကိုတော့ ဒေသခံတွေက ထည့်ဝင်နေရတာပါ။
“ ပညာရေးကတော့ ဝန်ထမ်းတွေကိုကျတော့ ရပ်သူရွာသားတွေက ထောက်ပံ့ပေးနေရတယ်၊ စီးပွားရေးကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ ကုန်စည်အဝင်နှေးတယ်၊ စီးပွားရေးလည်းမကောင်းဘူးလို့ပဲပြောရမယ်၊ အဓိကတော့ အခြေခံစားသောက်ကုန်တွေပြတ်၊ အဲ့လိုပြတ်ရင်စျေးတွေတက်ပြီးရောင်းကြတယ်”လို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးကပြောပါတယ်။
မြိုရဲ့ အဓိကစီးပွားရေးဖြစ်ခဲ့တဲ့ စိမ်းလန်းတဲ့ လယ်ကွင်းတွေနေရာဟာ ရွှေတူးဖော်ရာနေရာအဖြစ်ပြောင်းလဲလို့လာပါတယ်။ စပါးစိုက်ဖို့ကုန်ကျစရိတ်ကြီးမြင့်မှုနဲ့ ကန့်သတ်ရောင်းဝယ်ခွင့်တွေကြောင့် စိုက်ပျိုးရေးကို ကျောခိုင်းပြီး ရွှေတူးဖော်မှုကို ဒေသခံတွေအပြင် တခြားဒေသအသီးသီး နဲ့ တရုတ်လုပ်ငန်းရှင်တွေက လာရောက်လုပ်ကိုင်နေကြတယ်လို့ဆိုပါတယ်။
“ တချို့လယ်မြေတွေက ရွှေလုပ်ကွက်တွေဖြစ်ကုန်တာ ခုနောက်ပိုင်း ပင်လည်ဘူးနယ်မှာ ရွှေလုပ်တာတွေများလာပြီ။ လူအများစုနေတဲ့နေရာမှာတော့ မစိုက်တော့တာ၊ တကယ်ရွှေလုပ်ငန်းနဲ့ စျေးရောင်းလို့မရတဲ့နေရာတွေပဲ လယ်လုပ်ကြတာ၊ ဒီကုန်စျေးနှုန်းနဲ့စပါးစိုက်ဖို့ ကုန်ကျစရိတ်မသက်သာလို့ မလုပ်ကြတော့တာလည်းပါတယ်” လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။
ရွှေထွက်ရှိရာဒေသတွေဟာ လက်နက်ကိုင်တပ်တွေရဲ့ မျက်စိကျရာနေရာဖြစ်လာပြီး ထိန်းချုပ်ဖို့ကြိုးစားကြတာလို့ International Crisis Group( ICG) ရဲ့ အစီရင်ခံစာကပြောဆိုထားပါတယ်။ ပင်လည်ဘူးမြို့နယ်မှာ နှစ်စဉ်စပါးစိုက်ဧက ခုနှစ်သောင်းနီးပါးရှိနေပြီး လက်ရှိမှာ ဧရိယာအများစုမစိုက်ပျိုးတော့ကြောင်း ဒေသခံ တောင်သူတွေက မှတ်ချက်ပြုပါတယ်။ ရွှေတူးဖော်မှုဟာ မူးမြစ်ဝဲယာ အပြင် သဖန်းဆိပ်ဆည်အတွင်းပိုင်းထိကို ရောက်ရှိသွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံရဲ့ကုန်စည်တချို့ကိုတော့ လွတ်လွတ်လပ်လပ်ဝယ်ယူလို့ရပါတယ်။ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်၊ လိုင်စင်မဲ့ကား ၊ Starlink နဲ့ တရုတ်ထုတ်ကုန် တချို့ ကို ဝယ်ယူလို့ရပါတယ်။ ဒါတွေနဲ့အတူ ယှဉ်တွဲပါလာကတော့ မူးယစ်ဆေးဝါးလို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးကို တင်းတင်းကြပ်ကြပ်နှိမ်နင်းမှုမရှိနေသလို မူးယစ်ဆေးဝါးတွေလည်း လွယ်လင့်တကူရရှိနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရွှေမျှောတွေများပြားလာတာနဲ့ KTV တွေလည်းပေါလာတယ်လို့ဆိုပါတယ်။ ပင်လည်ဘူးဒေသခံတွေအတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးက ခေတ်အဆက်ဆက်လုပ်ခဲ့ရပေမယ့် အသစ်ပေါ်လာတဲ့ KTV အနှိပ်ခန်းတွေထဲက K တွေအကြောင်းကတော့ အသစ်ဖြစ်ပါတယ်။ မြို့ပြတွေ နယ်စပ်တွေမှာမှ ရရှိတဲ့ ဒီ K /E တွေဟာ ပင်လည်ဘူးမှာတော့ အသစ်အဆန်းပဲလို့ ဆိုကြပါတယ်။
မူရင်းပင်လည်ဘူးမြို့ဟာ တိတ်ဆိတ်ခြောက်ကပ်သွားပေမယ့် ဖြစ်လာတဲ့ ရွှေမှော်တွေမှာတော့ ဒေသခံတွေ မတွေ့ဖူးတဲ့ အသစ်အသစ်တွေဟာရောက်ရှိလာခဲ့ပါတယ်။ နှစ်နှစ်ကျော်ဖြတ်သန်းလာရတဲ့အချိန်မှာ ဒေသခံတွေဘက်ကတော့ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားလို့ရတယ်လို့ ပြောပါတယ်။ မပြီးပြတ်နိုင်သေးတဲ့ စစ်ရေးတွေဟာ မြန်မာတလွှားဖြစ်နေတာကြောင့် ပင်လည်ဘူးမှာလည်း စစ်သားစုဆောင်းရေး၊ ဆင့်ခေါ်ရေး တွေက ဒေသခံတွေအတွက် ခေါင်းခဲစရာလို့ပြောပါတယ်။ မြို့သိမ်းပြီး ၆ လအကြာအထိ တပ်သားသစ်ခေါ်ယူမှုမရှိခဲ့ပေမယ့် ၆လ ကျော်တဲ့အခါ တပ်သားသစ်အတွက် ကျေးရွာအုပ်စု တစ်စုကို ၁ ဦး နှုန်းဖြစ်သတ်မှတ်ဆင့်ခေါ်ခဲ့ပါတယ်။ အခုတော့ မူဝါဒပြောင်းပြီး ကျေးရွာတစ်ရွာ တစ်ဦး နှုန်းနဲ့ တပ်သားသစ်ကိုပေးရမယ်ဆိုတာပါပဲ။ဒေသခံတွေကတော့ ဒီကိစ္စရပ်ပေါ်အလေးထားဆွေးနွေးကြပါတယ်။ ဒါပေမယ့် ဘယ်သူ့ဆီမှာမှအဖြေမရှိဘူးလို့ဆိုပါတယ်။
“ အရောင်းဝယ်အသေးစားလုပ်တဲ့သူတွေက မသွားရဲကြတော့ဘူး၊ အခြေခံလူတန်းစားတွေပဲကြပ်တည်းတာအခုက၊ အခုကိစ္စကရွာလူကြီးမပြောနဲ့ မြို့နယ်ခေါင်းဆောင်တွေတောင် ဘာမှမသိဘူး၊ အားလုံးက KIA ခိုင်းသလိုပဲလုပ်ကြရတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မူရင်းဒေသခံတွေရဲ့အဆိုအရ အခြေခံလူတန်းစားတွေဟာ အဘက်ဘက်က ဆုတ်ယုတ်လာပြီး ငွေကြေးစွမ်းအားပြည့်စုံသူတွေကတော့ ချမ်းသာသည်ထက် ပိုချမ်းသာလာကြတယ်လို့ဆိုပါတယ်။ ရွှေက နေရာတိုင်းထွက်သလို အခွန်အခတွေပေးပြီး စိတ်ကြိုက်ပုံဖော်လို့ရနေတာကြောင့် ဒေသခံတွေဟာ မျက်နှာမွဲသာသာလို့ ဆိုပါတယ်။
နှစ်နှစ်အတွင်းမှာ မြို့နယ်ရဲ့ လူမှုဘဝအခြေအနေကတော့ “ ငွေရှာဖို့ သွားရေးလာရေးခက်ခဲတာ ၊ အခွန်အခကောက်ခံမှုတွေ ပိုများလာတာ နဲ့ စားဝတ်နေရေးကြပ်တည်းလာတာ” လို့ မှတ်ချက်အသီးသီးပြုကြပါတယ်။
ပင်လည်ဘူးမြို့ကို သိမ်းပိုက်ပြီး အချိန်တွေကြာလာပါပြီ။ဒါပေမယ့် မြို့တစ်မြို့ရဲ့ အခြေအနေပြောင်းလဲမှုကို တိုင်းတာတဲ့အခါ မြေပုံပေါ်မှာ ဘယ်သူက ထိန်းချုပ်ထားလဲဆိုတာတစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ဒေသခံလူမှုဘဝ တည်ငြိမ်လာသလား ၊ အရင်လိုပဲလားဆိုတာတွေကိုပါ ထည့်သွင်းဖို့လိုအပ်နေပါပြီ။
ပင်လည်ဘူးဒေသခံတွေအတွက်တော့ ဖြစ်လာနိုင်မယ့် စစ်ပွဲတွေကိုပဲ ပြေးတွေးနေမိဆဲ……။
