
ဇူလိုင် ၄ ၊ မိုးညှင်း
အင်းတော်ကြီးဒေသ၊ဟိုပင်မြို့တို့အပါအဝင် မိုးညှင်းမြို့နယ်အတွင်းမှာ ကျွမ်းကျင်ဆရာဝန်များ မရှိသလောက်ရှားပါးနေတာကြောင့် ပြင်းထန်လူနာဒေသခံတွေဟာ မကြာခနအသက်သေဆုံးမှုတွေရှိလာနေတယ်လို့ သိရပါတယ်။
“ ကလေးမတစ်ယောက်ဆို နန့်မွန်းဆေးရုံမှာပြတာ ဆရာဝန်ကသွေးလွန်တုတ်ကွေးဖြစ်တာဆိုပြီး ဆေးရုံတက်ခိုင်းတာ ‘သွား’မှာသွေးတွေထွက်လာတော့ မအေကစိတ်ပူလို့မန္တလေးဘက်ကို သွားပြခါမှ အေ့ခါကျမှသွေးကင်ဆာမှန်းသိတာ သွေးကင်ဆာဖြစ်တာကို မသိခဲ့ကြဘူး သေသွားတယ်အဲ့ကလေးမလည်း” ဟု အင်းတော်ကြီးဒေသအတွင်းနေထိုင်သူ အမျိုးသမီးငယ်တစ်ဦးက ပြောပြပါတယ်။
ဒီနှစ်ပိုင်းတွေမှာ ဒီလိုဖြစ်စဉ်တွေဟာ လတိုင်းလိုလိုအဖြစ်များနေတာဖြစ်ပြီး ဒေသတွင်းမှာလည်း ကင်ဆာအမျိုးမျိုးဖြစ်ပွားမှုတွေလည်း တိုးများလာနေသလို ဖြစ်ပွားတဲ့ရောဂါကိုလည်း အချိန်မှီမသိရှိမှုတွေကြောင့် ရောဂါနဲ့ဆေးဝါးအသုံးပြုမှု လွဲမှားခြင်းတွေလည်း မကြာခနရှိနေပါတယ်။
ဒါ့အပြင် ရောဂါရှာဖွေရေးစက်ကိရိယာမပြည့်မစုံမှုတွေကြောင့် ရောဂါအမျိုးအမည်သိရှိနိုင်ဖို့ ဆေးစစ်ချက်အဖြေတွေရရှိအောင် မန္တလေးလိုမြို့ကြီးတွေဆီကို တစ်ချို့သောသွေးနမူနာများအား ပို့ဆောင်စမ်းသပ်ရပြီး အချိန်ကြာမြင့်နောက်ကျမှုတွေ ဖြစ်ပွားနေတာပါ။
“ ဟိုပင်မှာသွေးစစ်တာ သွေးစစ်တာလည်းကြာတယ် တချို့သွေးတွေကို မန္တလေးကိုပို့ရတယ် ဘာနဲ့ပို့လဲတော့မသိဘူး လေယာဉ်နဲ့လား၊ ကားနဲ့ပို့တာလားတော့မသိဘူး (၁၅)ရက်လောက်ကြာတာ” လို့ ရောဂါအမည်အသိနောက်ကျမှုကြောင့် အသက်အန္တရာယ်စိုးရိမ်ခဲ့ရသူ ဒေသခံအမျိုးသမီးငယ်က အခုလိုပြောပြတာပါ။
မိုးညှင်းမြို့အတွင်းရှိ ပြည်သူ့ဆေးရုံမှာ သူနာပြုအကြီးတန်းများသာရှိနေပြီး ပုဂ္ဂလိကဆေးရုံများကနေ လာရောက်ကုသမှုပေးတဲ့ အချိန်ပိုင်းဆရာဝန်များသာရှိကြောင်း သိရပါတယ်။
မိုးညှင်းမြို့နယ်မှာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ဆရာဝန် အင်အား ၂၅ ဦးနဲ့ သူနာပြု အင်အား ၁၁၀ ကျော်ရှိခဲ့ပေမယ့် လက်ရှိမှာ သုံးပုံတစ်ပုံခန့်သာရှိတော့ကြောင်း သိရပါတယ်။
မိုးညှင်းခရိုင် ဆေးရုံကို ကုတင် ၂၀၀ ဆံ့တဲ့ဆေးရုံအဖြစ် အဆင့်မြင့်တင်ပေးဖို့ မြို့မိမြို့ဖတွေက စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိ ဆေးရုံလက်ပတ်နိုင်ရေးအတွက် တင်ပြပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မိုးညှင်းမြို့နယ်က ကျန်းမာရေးဝန်ထမ်းများနဲ့ ဆရာဝန်များ အများအပြား အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)ကို ပြုလုပ်ခဲ့ကြတာဖြစ်သလို အဆိုပါကာလမှစပြီး ယနေ့အထိ ဝန်ထမ်းလစ်လပ်နေရာတစ်ချို့မှာ ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။
