မြေရှားသတ္တုတူးဖော်ရေးနဲ့  ကျားဖြန့်လုပ်ငန်းတို့ ဆက်နွယ်မှုရှိနေပြီး မြန်မာအလုပ်သမားတွေ လူကုန်ကူးခံနေရလို့ SHRF ကဆို 

မေ(၁၉)၊ တာချီလိတ် 

“ဝ”ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက မြေရှားသတ္တုတွင်းတူးဖော်ရေးလုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတို့ဟာ ဆက်နွယ်မှုရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့က မေလ(၁၈)ရက်နေ့မှာ (SHRF)က လူ့အခွင့်အရေးချိုးဖောက်ခံရမှု ထုတ်ပြန်ချက်တစ်ခုကို  ထုတ်ပြန်ခဲ့ပြီး ကျားဖြန့်လုပ်ငန်းက  မြန်မာအလုပ်သမားတွေကို မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အတင်းအဓမ္မခိုင်းစေလုပ်ကိုင်စေမှုတွေရှိနေတယ်လို့ ဆိုထားပါတယ်။

တာချီလိတ်မြို့ရှိ “ရောင်နီဦး”ဝင်းအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့် )မှာ လုပ်ကိုင်ခဲ့သူမြန်မာအလုပ်သမား(၃)ဦးကို  မိုင်းဆတ်မြို့ရှိ မိုင်းယွန်းဒေသက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများထံ ပြောင်းရွှေ့ခိုင်းစေမှုတွေ ရှိခဲ့တယ်လို့  ယခုနှစ် (၂၀၂၆)အစောပိုင်းမှာ လွတ်မြောက်လာသူတစ်ဦးက ထွက်ဆိုချက်ပေးခဲ့ကြောင်း သိရပါတယ်။

ကျားဖြန့်လုပ်ငန်းက မြန်မာလုပ်သားတွေကို အကြောင်းအမျိုးမျိုးပြပြီး ရိုက်နှက်နှိက်စက်မှုတွေအကြိမ်ကြိမ်ပြုလုပ်ကာ သတ္တုတွင်းတူးဖော်ရေးလုပ်ငန်းတွေထံ လူကုန်ကူးရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တရုတ်သတ္တုတွင်းလုပ်ငန်းရှင်တွေဟာ တရုတ်ငွေလိမ်ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး မြန်မာလူငယ်များကို လူကုန်ကူးပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတာ သိသာနေကြောင်း SHRF က ပြောထားပါတယ်။

ဒါ့အပြင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကိုလည်း UWSA တပ်ဖွဲ့များက လုံခြုံရေးစောင့်ရှောက်မှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဒီတာချီလိတ်မြို့က ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ ‘ရောင်နီဦး’ဝင်းကို  ယခုနှစ် နှစ်အစပိုင်းက စစ်ကော်မရှင်တပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုစစ်တပ်ကဖမ်းဆီးခဲ့သူတွေဟာ အလုပ်သမားများသာဖြစ်ပြီး လုပ်ငန်းရှင်တွေကတော့ တောတောင်များနဲ့ အခြားနေရာတွေမှာ ပြောင်းရွှေ့ပြီး ငွေလိမ်လုပ်ငန်းဆက်လက်လုပ်ကိုင်မှုတွေ ပြုလုပ်နေဆဲလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *