ကသာမှာ ဖုန်းလိုင်းလိုင်းတချို့ပြန်ရပြီ

မေ ၁၉ ၊ ကသာ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှာ တိုက်ပွဲများကြောင့်ခေတ္တပြတ်တောက်သွားခဲ့တဲ Atom (ယခင် တယ်လီနော) ဆက်သွယ်ရေးဖုန်းလိုင်းတွေ မနေ့က မေ ၁၈ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ ပြန်ဖွင့်ပေးခဲ့တယ်လို့  ဒေသခံများထံမှ သိရပါတယ်။

“ မနေ့က တူမလေးတစ်ယောက်ကတော့ ဆက်သွယ်လာတယ်။  ဘာမှတော့အကြောင်းအရာတော့ ဘာမှမသိရသေးဘူး  တယ်လီနောလိုင်း ၁ နာရီက လွင့်တယ်လို့ ပြောတယ်အဲလိုမျိုးပဲပြောခဲ့တာ” လို့အဆက်အသွယ်ပြန်ရတဲ့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ကသာမြို့ကို စစ်တပ်က  ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က အပြည့်အဝပြန်လည် ထိန်းချုပ်ခဲ့တာဖြစ်ပြီး မေ ၁၁ ရက်နေ့မှစ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဒေသခံစစ်ရှောင်အများအပြားလည်း ပြန်လည်ဝင်ရောက်နေထိုင်နေပြီလို့ သိရပါတယ်။

လတ်တလောမှာတော့ စစ်တပ်က အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ရန်အတွက် ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြန်လည်ရရှိနေတာဖြစ်တယ်လို့ဒေသခံများက  ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။

မြို့နယ်အတွင်း ပြန်လည်ဝင်ရောက် နေထိုင်နေကြတဲ့ ဒေသခံတွေဟာ နေထိုင် စားသောက်ရေးအခက်အခဲ၊ လုံခြုံရေး အခြေအနေအရ လမ်းခရီးသွားလာရေး အခက်အခဲတွေလည်း ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

“ ဝင်လို့တော့ အဆင်ပြေတယ်လို့ပြောတယ် အစစ်အဆေးတော့မရှိဘူး   မြစ်ကြီးနားနဲ့ ကသာနဲ့ ကားလမ်းလည်းသွားနေကြပြီလေ ပြန်နေတဲ့သူတွေတော့ အခက်အခဲတော့ ရှိတယ်” လို့ စစ်ဘေးတိမ်းရှောင်နေသူတစ်ဦးကဆိုပါတယ်။

ကသာမြို့အပြင် စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တဲ့  အင်းတော်မြို့နဲ့  မော်လူးမြို့ တွေမှာ လျှပ်စစ်မီးရရှိဖို့နဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြန်လည်ရရှိဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါဒေသတွေမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလထဲက တိုက်ပွဲများကြောင့်  အခြားအော်ပရေတာလိုင်းတွေအပါအဝင် ဆက်သွယ်ရေးလိုင်းအားလုံးပြတ်တောက်နေတာဖြစ်ပြီး ယခု Atom (ယခင် တယ်လီနော) လိုင်းတစ်ခုသာ ရရှိနေသေးတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *