
မေ ၁၉ ၊ ဒီပဲယင်း
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ထဲက စိုင်ပြင်မြို့ကို ရွှေဘိုခရိုင်စစ်ဌာနရဲ့ Operation OTT နဲ့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အတွင်းကို ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း ကြေညာလာပါတယ်။
စိုင်ပြင်နယ်မြေရဲစခန်းကို မေလ ၁၄ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၁၆ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ မနေ့က အမှတ်(၁) ရွှေဘိုခရိုင် စစ်ဌာနက ကြေညာပါတယ်။
၃ ရက်ကြာ တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်တွေက အင်အား ၆၀ နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်နဲ့ရဲဘက်က ၁၁ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရဲစခန်းကိုတိုက်ခိုက်ပြီးနောက်ပိုင်းမှာ တပ်စခန်းအဆောက်အဦးတွေနဲ့ ခံစစ်မိုင်းတွေကို ရှင်းလင်းဖျက်ဆီးပြီး တပ်ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
မြို့အတွင်းကို စစ်ဘေးရှောင်တွေ ပြန်ဝင်နိုင်ဖို့အတွက် ဒီနေ့ မနက်ပိုင်းမှာကြေညာခဲ့ပြီး ဝင်ရောက်နေထိုင်ချိန် သတိပြုစရာ အချက် ၆ ခုကိုလည်း ထည့်သွင်းကြေညာထားပါတယ်။
တိုက်ပွဲကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ နေအိမ်တချို့အတွင်း ဝင်ရောက်နေထိုင်ပြီး ရိက္ခာနဲ့ အသုံးအဆောင်တချို့ ယူငင်သုံးဆောင်ခဲ့တာတွေရဲ့ ကုန်ကျစရိတ်တွေကို ပြန်လည်တာဝန်ယူသွားပေးမယ်လို့ ပြောဆိုထားပါတယ်။
စိုင်ပြင်မြို့ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ မိုင်အနည်းငယ်အကွာမှာရှိတဲ့ မြို့တစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီးနောက် လေကြောင်းတိုက်ခိုက်ခံရနိုင်ခြေနဲ့ မြေပြင်စစ်ကြောင်းဝင်ရောက်လာနိုင်မှုတွေကိုရော သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ စိုင်ပြင်ကျေးရွာကို ၂၀၁၈ ခုနှစ်မှာ မြို့အဖြစ်သတ်မှတ်ခဲ့ပြီး နေထိုင်သူ လူဦးရေ ၉,၀၀၀ ကျော် ၊ အိမ်ထောင်စု ၂,၅၀၀ ရှိတာလည်းဖြစ်ပါတယ်။
