
မတ် ၂၀ ၊ ဝိုင်းမော်
ဝိုင်းမော်မြို့နယ်မှာ ၈၁ နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အနေနဲ့ ပြုပြင်ထားတဲ့လမ်းပိုင်းဖွင့်ပွဲကို ဒေသခံတွေအသိမပေးပဲ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
မနေ့က မတ်လ ၁၉ ရက်နေ့မှာ မန္တလေး- လားရှိူး- ဗန်းမော် – မြစ်ကြီးနား ဗျူဟာလမ်းပေါ်က ဗလမင်းထင်-နန့်မြစ်ခလမ်းပိုင်း ကို ကတ္တရာလမ်း ပြုပြင်ပြီးစီးတဲ့ ဖွင့်ပွဲကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
လမ်းပိုင်းဟာ ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာမှာ ပြုလုပ်ပေမယ့် ဒေသခံရှမ်းနီတွေကို အသိပေးခြင်းမရှိသလို သိရှိခြင်းလည်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“ လူပေါင်း ၆၀ လောက်တော့ရှိမယ်။ သူတို့လုပ်ချင်ရာလာလုပ်သွားတာ ရှမ်းရွာတွေရဲ့ ရင်တွင်းခံစားချက်သူတို့မေးမှ မမေးတာ” လို့ နောင်တာလော ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေကို လမ်းပိုင်းနဲ့ပတ်သက်ပြီး အသိပေးတာမျိုးမရှိသလို ပွဲကျင်းပတာတွေကိုလည်း အသိပေး အကြောင်းကြားတာတွေမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
လမ်းဖွင့်ပွဲကို နောင်တာလောကျေးရွာ ရပ်ကွက်(၂) မှာပြုလုပ်ခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်အပါအဝင်သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ အနီးတစ်ဝိုက်ရှိ ကျေးရွာများက ဒေသခံတစ်ချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
မန္တလေး- လားရှိူး- ဗန်းမော် – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းဟာ လက်ရှိအချိန်မှာ ဝိုင်းမော်-မြစ်ကြီးနားသာ အသုံးပြုလို့ရနေပြီး ဗန်းမော်-လားရှိုးလမ်းပိုင်းတွေကို KIA , TNLA နဲ့ MNDAA တို့က ထိန်းချုပ်စိုးမိုးထားတာလည်းဖြစ်ပါတယ်။
