
မေ ၁၄ ၊ နမ့်တော
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရှမ်းနီဒေသဖြစ်တဲ့ ဟုမ္မလင်းမြို့နယ်အတွင်းမှာ စလော့ (ခေါ်) ပုရစ်ကောင်တွေဟာ မေလလည်မှာပဲ အကောင်ရေသောင်းနှင့်ချီထွက်လာခဲ့တယ်လို့ ပုရစ်ဖမ်းသူများနှင့် စျေးသည်များထံကနေ သိရပါတယ်။
မနေ့ မေလ(၁၃)ရက်နေ့မှာ နမ့်တောဈေးတန်းတစ်ခုလုံးမှာ ပုရစ်ကောင်ရေထောင်နှင့်ချီကို တင်းတောင်းတွေနဲ့ အစုအပုံလိုက်ရောင်းချနေတာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းဒေသထွက် ပုရစ်ကောင်တွေကို ဥရု၊ ချင်းတွင်းနှင့် ချောင်းကြီးရိုးဒေသရှိ မြစ်ဘေးကျေးရွာများမှ ဒေသခံတွေက လျှပ်စစ်မီးဖြင့် ချောထောင်ဖမ်းယူကြတာရှိသလို၊ မြေတွင်းများမှ တူးယူတာတွေလည်းရှိပါတယ်။
လက်ရှိနမ့်တောဈေးမှာ ပုရစ်ကောင်တွေ ပေါများစွာ ရရှိလာတာကြောင့် ပုရစ်ကောင်ဈေး ကျလာတယ်လို့လည်း နမ့်တောဒေသခံများရဲ့ ပြောပြချက်အရသိရပါတယ်။
“ အရင်နေ့တွေက သိပ်မများဘူး။ တစ်ပြည် နှစ်သောင်းရယ်။ ခု တစ်ပြည် တစ်သောင်းခွဲနဲ့တောင် ဝယ်ရနေပြီ။ ထပ်ပေါလေ ပိုဈေးကျလေပဲ။ သူက အစိမ်းဆိုအကြာမခံဘူးလေ။ ဈေးချရောင်းကြတာပေါ့။” လို့ နမ့်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
ပုရစ်ကောင်တွေကို ရေခဲရိုက် ထုတ်ပိုးပြီး ဟုမ္မလင်းမြို့မှ လေကြောင်း၊ ရေကြောင်းများမှ တစ်ဆင့် မုံရွာ ၊ မန္တလေး ၊ ရန်ကုန် တို့ကို ပို့ဆောင်ရောင်းချကြတာဖြစ်ပြီး ဒေသရဲ့ ရာသီပေါ်စီး ပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လမ်းပန်းဆက်သွယ်ရေး အကြပ်အတည်းတွေကြောင့် ကြာရှည်မခံတဲ့စားသောက်ကုန်တွေ တင်ပို့ဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံများထံမှ လေ့လာသိရှိရပါတယ်။
