အင်းတော်မြို့တွင်းရှိ မြို့ခံများရဲ့နေအိမ်များအား ပြန်လည်ပြုပြင်ရန် ခွင့်ပြုထား

အင်းတော်မြို့အဝင်/ Credit

မေ ၁၄ ၊ အင်းတော်

စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ကချင်ပြည်နယ် တို့ထိစပ်နေတဲ့အင်းတော်မြို့အတွင်းမှာ ပျက်စီးနေတဲ့ အဆောက်အဦး၊နေအိမ်များကို ပြန်လည်ပြုပြင်ဖို့အတွက် ဒေသခံတွေကို မြို့တွင်းကို ဝင်ခွင့်ပြုထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက မြို့ခံတွေကိ အခုရက်ပိုင်းမှာပဲ ဝင်ထွက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ သူတို့တပ်တွေက မြို့တွင်းကို မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

“ သိမ်းစရာရှိတာလေးတွေတော့သိမ်းနေကြတယ် ကိုယ့်အိမ်သူ့အိမ်ပေါ့ မြို့ခံတွေတော့ဘယ်ချိန်ဝင်ဝင်ရတယ်ဗျ ဖွင့်ထားပြီမြို့က လမ်းပြန်ဖွင့်တာ မသိသေးတဲ့ကားသမားတွေတော့ ကွင်းလမ်းကိုမောင်းနေကြတုန်းပါ့ တစ်ချို့လည်း စိတ်မချလို့ အင်းတော်မဖြတ်ပဲ ကွင်းလမ်းပဲသွားနေကြတုန်း’ ဟု စစ်ဘေးတိမ်းရှောင်နေတဲ့ အင်းတော်မြို့သားတစ်ဦးက ရှမ်းနီအသံကို အခုလိုပြောပြပါတယ်။

ဒေသခံများတွေကတော့ နေထိုင်ခြင်းတော့မပြုသေးပဲ ပစ္စည်းပရိဘောဂများဝင်ရောက်သိမ်းဆည်းခြင်း၊ အပျက်အစီးများကြည့်ရူစစ်ဆေးခြင်းနဲ့နေအိမ်ပြုပြင်ခြင်းများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သိရပါတယ်။

တစ်ရက်ခရီးသာကြာမြင့်တဲ့ မန္တလေး-အင်းတော်-မြစ်ကြီးနားလမ်းပိုင်းကို (၉)လအကြာပိတ်ပင်ပြီးနောက် မကြာသေးမီ မေလ (၄)ရက်နေ့မှ ပူးပေါင်းတပ်ဖွဲ့များက ခရီးသွားများကို ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။

၎င်းတို့က လမ်းပိုင်းဖွင့်လှစ်ပေးခဲ့ပေမယ့် ခရီးသည်ယာဉ်လိုင်းအများစုကတော့ လုံခြုံရေးအခြေအနေများကြောင့် ကွင်းလမ်းဘက်သို့သာ ဖြတ်သန်းသွားလာနေကြဆဲဖြစ်တယ်လို့ ယာဉ်လိုင်းပြေးဆွဲသူများနဲ့ ခရီးသွားများက ဆိုကြပါတယ်။

“ စိတ်မချတာတော့ဟုတ်မယ် မနက်ကတင် လေယာဉ်နဲ့ကျဲသွားသေးတာ မြို့ထဲကိုဘဲဗျ အထိအခိုက်တော့မသိရသေးဘူးဗျ’ ဟု ယနေ့မေ(၁၄)ရက်နေ့ မနက်ပိုင်းတွင်လည်း အင်းတော်မြို့တွင်းကို စစ်ကောင်စီဘက်မှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သေးကြောင်း မြို့အနီးနေထိုင်သူတစ်ဦးက ပြောပြတာပါ။

အင်းတော်လမ်းပိုင်းပြန်ဖွင့် ပြီးနောက် ယခုရက်ပိုင်းဖြတ်သန်းသွားလာတဲ့ အမျိုးသားခရီးသည်တစ်ချို့ပျောက်ဆုံးမှုများ ရှိနေတာကြောင့် ဖြတ်သန်းခြင်းပြုလုပ်ဖို့ စိုးရိမ်ကြောင့်ကြမှုများဖြစ်ပေါ်နေတာလို့ ခရီးသွားများထံမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *