ကချင်ပြည်နယ်တစ်နယ်လုံးရှိ  အင်တာနက်လိုင်းများနှင့် ဆက်သွယ်ရေးဆင်းကဒ်များအားလုံး ပြတ်တောက်နေ

ဇူလိုင် ၂၂ ၊ မိုးညှင်း 

မြန်မာနိုင်ငံအထက်ပိုင်းဒေသဖြစ်တဲ့ ကချင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ အင်တာနက်လိုင်းများနှင့် ဆက်သွယ်ရေးဆင်းကဒ်များအားလုံး  ပြတ်တောက်သွားပြီဖြစ်တယ်လို့  သိရပါတယ်။

 ယမန်နေ့ ဇူလိုင်လ(၂၁) ရက် မနက် (၁၀)နာရီကနေ စတင်ပြီး  နောက်ဆုံးအဆက်အသွယ်ရရှိနေတဲ့ Mytel(မိုင်တဲ)ဆင်းကဒ်နှင့် ဝိုင်ဖိုင်အင်တာနက်များလည်း လုံးဝပြတ်တောက်သွားတာလည်း ဖြစ်ပါတယ်။

 Atom ဆက်သွယ်ရေးလိုင်းများကတော့  ဖြတ်တောက်ခံထားရတာ တစ်လနီးပါးရှိနေပြီးဖြစ်ပြီး  ပြီးခဲ့တဲ့သီတင်းပတ် (၁၉)ရက်နေ့မှာတော့ MPT အော်ပရေတာရဲ့ ဖုန်းလိုင်းဖြတ်တောက်ခံရကာ ၎င်းရဲ့ဖိုက်ဘာဝိုင်ဖိုင်အင်တာနက်လိုင်းများမှာ  ရက်ပိုင်းအထိ အနည်းငယ်သုံးစွဲလို့ရနေခဲ့သေးပါတယ်။   

Ooredoo Myanmar (အူရီဒူးမြန်မာ) လည်းအလားတူ ဖြတ်တောက်ခံထားတာဖြစ်ပြီး တစ်ခုတည်းသောကျန်ရှိနေတဲ့ မိုင်တဲအော်ပရေတာလည်း အခုလိုဆက်သွယ်ရေးလုံးလုံးပြတ်တောက်သွားကာ ကချင်ပြည်နယ်ကဒေသခံများနဲ့ လုံးဝဆက်သွယ်လို့မရရှိတော့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ   ကချင်ပြည်နယ်အတွင်း သီတင်းတစ်ပတ်ခန့် အင်တာနက်လိုင်းများပြတ်တောက်ဖူးခဲ့ပြီး အခုလိုအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံရတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။  

 ၂၀၂၁ ခုနှစ်ကနေ  ၂၀၂၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ပြတ်တောက်မှုအကြိမ်ပေါင်း (၂၄၅)ကြိမ်နဲ့အထက်ဖြစ်ပွားခဲ့မှုမှာ  ကချင်ပြည်နယ်က အင်တာနက်ဖြတ်တောက်ခံရမှုအများဆုံးဖြစ်ပြီး အနည်းဆုံးအကြိမ်(၃၀) ၊  ရာခိုင်နှုန်းအားဖြင့် (၁၂.၂)ရာခိုင်နှုန်း ရှိခဲ့တယ်လို့ Myanmar Internet Project ရဲ့ စာရင်းပြုစုထားမှုတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *