ကချင်ပြည်နယ်ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာမှာ TNDP ကရှေ့ပြေးနေ

ဇန်နဝါရီ ၂၇ ၊ မိုးညှင်း 

ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာမှာ ကျားနီပါတီ(TNDP) မှ ကိုယ်စားလှယ်လောင်း ဦးစိုင်းတင်အောင် အနိုင်ရရှိဖို့ မဲရှေ့ပြေးနေတယ်လို့ သိရပါတယ်။

“ ငါတို့ ( ကျားနီပါတီ) က  ရှမ်းတိုင်းရင်းသားရေးရာမှာ မဲသုံးထောင်ကျော်လောက် ကွာထားတယ်။ အခုရွှေကူတို့ ၊ ဗန်းမော်တို့ တက်လာလည်း မဲကအဲ့လောက်များတော့ဘူးဆိုတော့ သူက သေချာသလောက်ပါ”​လို့ ကျားနီပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ 

ဦးစိုင်းတင်အောင် ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အနိုင်မရရှိခဲ့ပေ။ 

ရွေးကောက်ပွဲပြီးစီးသွားပေမယ့် ကချင်ပြည်နယ်ထဲက  မဲရလဒ်တွေအားလုံးတော့မထွက်ရှိသေးပါဘူး။ 

မဲရလဒ်တွေကတော့ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပါတီအသီးသီးက သိရှိထားကြပြီလည်းဖြစ်တယ်လို့ ဆိုပါတယ်။ 

TNDP က ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော် နေရာတစ်နေရာအပြင် PR စနစ် ရွေးကောက်မှုကနေ အမျိုးသားလွတ်တော် (၁)ဦး နဲ့ ပြည်နယ်လွှတ်တော် (၂) ဦး ကိုယ်စားလှယ်တွေရရှိမှာဖြစ်တယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ 

ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပဖို့ ၂ ရက်အလိုမှ  ကချင်ပြည်နယ်ထဲက KIA+PDF ပူးပေါင်းတပ်တို့ထိန်းချုပ်ထားတဲ့ မံစီမြို့နဲ့ မိုးမောက်မြို့တို့ကို ရွေးကောက်ပွဲမကျင်းပတော့ကြောင်း ကြေညာခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွတ်တော်နေရာအများဆုံးအနိုင်ရရှိထားပြီး တိုင်းရင်းသားပါတီတွေက အနည်းအကျဉ်းသာ အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *