ကချင်ပြည်နယ်အတွင်းက ရှမ်းမျိုးနွယ်စု (၅)မျိုးတို့ရဲ့ လက်ရှိအခက်အခဲတွေဖြေရှင်းနိုင်ဖို့ တွေဆုံဆွေးနွေးမည် 

၂၀၂၂ ခုနှစ်က  ရှမ်းမျိုးနွယ်စု ငါးခုပါဝင်တဲ့ မြန်မာပြည်မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကိုပြန်လည်ဖွဲ့စည်းစဉ် / ပုံဟောင်း

စက်တင်ဘာ ၂၅ ၊ မြစ်ကြီးနား 

ကချင်ပြည်နယ်အတွင်းနေထိုင်နေတဲ့ တိုင်းလုံ(ရှမ်းကြီး)၊တိုင်းလျန်(ရှမ်းနီ)၊တိုင်းလေ၊ တိုင်းဆာနဲ့တိုင်းခန္တီး စတဲ့ရှမ်းတိုင်းရင်းသား(၅)မျိုးတို့ လက်ရှိကြုံတွေ့နေရသောအခက်အခဲများအားဖြေရှင်းနိုင်ဖို့ ရှမ်းအဖွဲ့အစည်းများက တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရပါတယ်။

 ဆွေးနွေးပွဲကို  မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံမှာ  မနက်ဖြန် စက်တင်ဘာ(၂၆)နဲ့(၂၇) နှစ်ရက်တာအတွင်း ရှမ်းတိုင်းရင်းသားများချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကဦးဆောင်ကာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ကချင်ပြည်နယ်အတွင်းမှာ လတ်တလောဖြစ်ပျက်နေတဲ့ ရှမ်းလူမျိုးတွေရဲ့အခက်အခဲများကို ပထမဦးဆုံးအကြိမ်တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာကြဖို့ပေါ့လေ အခက်အခဲတွေကို တင်ပြကြမယ် ဆွေးနွေးကြမယ် ဆွေးနွေးပြီးရင် ဖြစ်နိုင်တာတွေ ဖြစ်သင့်တဲ့အရာတွေကို ဖြေရှင်းအကူအညီတောင်းကြမယ် ဌာနဆိုင်ရာတွေရယ် လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ  ဖြေလျှော့ပေးဖို့တွေပေါ့” ဟု ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦး ကပြောပြပါတယ်။

ရှမ်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် (၁၀၀)ကျော်တို့ တက်ရောက်ဆွေးနွေးကြဖို့ ကနဦးစာရင်းရရှိထားကြောင်းလည်း ၎င်းထံမှသိရပါတယ်။

တက်ရောက်တဲ့ရှမ်းအဖွဲ့အစည်းတွေထဲမှာ ကချင်ပြည်နယ်မြို့နယ်အသီးသီးရှိ   စာပေယဉ်ကျေးမှုအဖွဲ့များ၊ CSO/ CBO နဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးပါဝင်မှာဖြစ်ကြောင်း ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်နဲ့ ဖားကန့်မြို့နယ်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ တိုက်ပွဲများဖြစ်ပွားနေမှုတွေကြောင့် ရှမ်းတိုင်းရင်းသားအများစုဟာ မြစ်ကြီးနားမြို့နဲ့ မိုးညှင်းမြို့တို့မှာ စစ်ဘေးတိမ်းရှောင်နေရကာ စားဝတ်နေရေးအခက်အခဲများစွာကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

မြစ်ကြီးနား နဲ့ မိုးညှင်းမြို့ပေါ်ကို ရှမ်းတိုင်းရင်းသား စစ်ဘေးရှောင်တွေ အများအပြားလာရောက် တိမ်းရှောင်နေရပြီး သူတို့တွေရဲ့ အကြပ်အတည်းတွေဟာလည်း စိန်ခေါ်မှု ကြီးတစ်ရပ်အဖြစ်ရှိနေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *