ကချင်ပြည်နယ် တစ်ခုလုံး ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှု တစ်ပတ်ကျော်လာ

ဇူလိုင် ၃၀ ၊ မိုးညှင်း 

 ကချင်ပြည်နယ်တစ်ခုလုံးမှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုတွေဟာ  တစ်ပတ်ကျော်ကြာမြင့်လာနေပြီဖြစ်တယ်လို့သိရပါတယ်။ 

 ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး ဒီနေ့အထိ ဖုန်းလိုင်းများပြတ်တောက်နေဆဲဖြစ်ပါတယ်။ 

 ဖုန်းလိုင်းပြတ်တောက်မှုတွေကြောင့် မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်သွားသည့်အပြင် အရေးကြီးကိစ္စရပ်များကိုလည်း ခရီးသည်တွေဆီကနေ တဆင့် စကားပါးပြီးပြောဆိုနေကြရတယ်လို့သိရပါတယ်။ 

 ဒါ့အပြင် ငွေလွှဲငွေထုတ်လုပ်ငန်းများ နှင့် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ 

 ဖုန်းနှင့်အင်တာနက်လိုင်းများအားလုံး ပြတ်တောက်နေပေမယ့်  မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့တစ်ခုမှသာ  ဖုန်းလိုင်းများပြန်လည်ရရှိလာတယ်လို့ ဒေသခံများရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

 ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းပြတ်တောက်မှုကို  ဆက်သွယ်ရေး မြေအောက်ကေဗယ်ကြိုးပျက်စီးမှုလို့ ပြောဆိုသူများရှိနေသလို စစ်ကောင်စီက ရှမ်းမြောက်အရေး ကချင်ပြည်နယ်အထိကူးစက်သွားမှာ စိုးရိမ်တဲ့အတွက်ကြောင့် သတင်းအချက်အလက်ဖြတ်တောက်တာဖြစ်တယ်လို့ ပြောဆိုမှုများလည်းရှိနေပါတယ်။ 

 ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ   ကချင်ပြည်နယ်အတွင်း သီတင်းတစ်ပတ်ခန့် အင်တာနက်လိုင်းများပြတ်တောက်ဖူးခဲ့ပြီး အခုလိုအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံရတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။  

 ၂၀၂၁ ခုနှစ်ကနေ  ၂၀၂၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ပြတ်တောက်မှုအကြိမ်ပေါင်း (၂၄၅)ကြိမ်နဲ့အထက်ဖြစ်ပွားခဲ့မှုမှာ  ကချင်ပြည်နယ်က အင်တာနက်ဖြတ်တောက်ခံရမှုအများဆုံးဖြစ်ပြီး အနည်းဆုံးအကြိမ်(၃၀) ၊  ရာခိုင်နှုန်းအားဖြင့် (၁၂.၂)ရာခိုင်နှုန်း ရှိခဲ့တယ်လို့ Myanmar Internet Project ရဲ့ စာရင်းပြုစုထားမှုတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *