
ဇူလိုင် ၄ ၊ မိုးညှင်း
ကချင်ပြည်နယ်အတွက် စက်သုံးဆီများကို တရုတ်နယ်စပ် ကံပိုင်တည်မြို့ တစ်ခုတည်းကသာ တင်သွင်းဝင်ရောက်ခွင့်ပြုနေခြင်းကြောင့် စက်သုံးဆီစျေးတွေမြင့်တက်နေတယ်လို့ စက်သုံးဆီဆိုင် လုပ်ငန်းရှင်တွဆီကနေ သိရပါတယ်။
“ ကချင်ပြည်နယ် ဆီခွဲတမ်းကို အခုက တရုတ်ပြည်နယ်စပ် ကန်ပိုင်တီကနေ တရားဝင်သွင်းခိုင်းထားတာလေ ၊တကွေ့တပတ်ကြီး ခွဲတမ်းမလောက်တဲ့အပြင် စျေးကများနေတာ အဲ့တာ။ အခုဟာက ရန်ကုန်ဆိပ်ကမ်းကဆီတွေက စစ်ကိုင်းတိုင်းအထိပဲ ရတော့တာ ဒီဖက်ပေးမကျော်ဘူး နန်းစီအောင်ဂိတ်ကလည်း ကချင်ပြည်နယ်တိုင်းရုံးချုပ်ကိုယ်တိုင် ပိတ်ခိုင်းထားလို့တဲ့လေ ပိတ်ထားတာ” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်ကို စက်သုံးဆီအတွက် ရန်ကုန်ဆိပ်ကမ်းမှ တိုက်ရိုက်သယ်ယူဖြန့်ဖြူးခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကစပြီး မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပိတ်ပင်ထားပြီလည်းဖြစ်ပါတယ်။
တရုတ်နယ်စပ်မှ တင်သွင်းရတာကြောင့် ကချင်ပြည်နယ်အတွင်း လက်ရှိ စက်သုံးဆီစျေးတွေဟာ ယခင်ထက် တစ်ဆကျော်မြင့်တက်နေတယ်လို့ သိရပါတယ်။
“ ရန်ကုန်ဘက်ကဆို ၂၉၀၀/၃၀၀၀ ရောင်းလို့ရတယ်လေ ဒိဘက် ကန်ပိုင်တီက ၄၅၀၀ ကျော်ကျော်ရောင်းတာတောင် မကိုက်ဘူး”ဟု ဆီဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။
ဓာတ်ဆီဆိုင်အများစုက ရန်ကုန်ရုံးချုပ်တွင် လောင်စာဆီ ခွဲတမ်းပြန်ရဖို့ပြန်လည်တင်ပြထားကြပေမဲ့ မသေချာဘူးဟု ဓာတ်ဆီဆိုင်အများစုက ဆိုကြပါတယ်။
နန့်စီးအောင်ဂိတ်နဲ့ နီးတဲ့ မိုးညှင်းဒေသခံတွေဟာ စက်သုံးဆီရရှိဖို့အတွက် ပိတ်မိခံထားရတဲ့ ဆီဘောက်ဆာကားတွေဆီမှာ သွားရောက်ဝယ်ယူသုံးဆွဲမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ အပြင်မှာဝယ်ရင်က ဓာတ်ဆီတဂါလံ ၂၁၀၀၀ လေ ၁ ပုလင်း ၅၂၀၀ ကျော်ကျော်ပေါ့ မတတ်နိုင်တော့ဘူးလေ ကျွန်မတို့မှာ မီးကမလာ မီးစက်နိုးရအောင်လဲ စျေးများဆိုတော့ဟိုဘက် နန့်စီးအောင်ထိပ်ကို တန်လိုတန်ငြား ဆိုင်ကယ်နဲ့သွားပြီး ပုဇွန်ဆီပုံးလေးနဲ့သွားပြီး တစ်နိုင်တပိုင် သွားဝယ်ရတာပေါ့” ဟုအမည်မဖော်လိုသူအမျိုးသမီးက ပြောပါတယ်။
ဇွန်လကုန်မှစပြီး ကချင်ပြည်နယ်မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားဖြစ်နေသလို စက်သုံးဆီး ရှားပါးမှု ၊ စျေးနှုန်းမြင့်တက်မှုတွေကြောင့် လုပ်ငန်းရပ်တန့်မှုများ ၊ လုပ်ငန်းလျော့ချမှုများလည်းရှိလာနေတယ်လို့ သိရပါတယ်။