ကချင်-စစ်ကိုင်း နယ်စပ်တိုက်ပွဲကြောင့် ကုန်စျေးနှုန်းအဆမတန်မြင့်တက်

ဩဂုတ် ၂၆ ၊ မိုးညှင်း

ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်က အင်းတော် ၊ ထီးချိုင့် မြို့တွေမှာ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတာကြောင့် ပြည်ထောင်စုလမ်းပိုင်းတွေ ပိတ်ထားရတာ ၁၀ရက် ကျော်လာပြီး ကုန်စည်စီးဆင်းမှုပြတ်တောက်နေတယ်လို့ မိုးညှင်းဒေသခံတွေဆီကနေ သိရပါတယ်။

ကုန်စည်စီးဆင်းတဲ့ လမ်းပိုင်းတွေ ပိတ်ထားရပြီး ဒေသတွင်းအခြေခံစားသောက်ကုန်ဖြစ်တွေဟာ စျေးနှစ်ဆကျော် မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

“ဈေးမှာတောင် ငါး တွေ သိပ်မရှိတော့ဘူး။ မရခဲ့ဘူး၊ ခရမ်းချဉ်သီးတောင် တစ်ပိတ်သာ ၂၀၀၀၀ ရောက်နေပြီ၊ အင်းတော်ဘက် တိုက်ပွဲတွေကြောင့် ကုန်စိမ်းတွေ မဝင်ဘူး၊ ကျန်ရှိနေတာလေးတွေပဲ ဈေးနှုန်း တင်ရောင်းနေကြတာ” လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပြပါတယ်။

လက်ရှိမှာ မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းပိုင်း သွားလာလို့မရသေးပဲ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း၊ ဖားကန့် သံလမ်းရိုးတစ်လျှောက် စားသောက်ကုန်ပစ္စည်း ဈေးနှုန်းမြင့်လာပြီး ပစ္စည်း ပြတ်လတ်လာနေပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ယခုလ ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ခဲ့တာလို့ သတင်းမှတ်တမ်းများအရ သိရှိထားရပြီး တိုက်ပွဲဆက်လက်ပြင်းထန်ဆဲမို့ လမ်းကြောတစ်လျှောက် ခရီးသည်တင်ကားများနှင့်ကုန်စည်တင်ကားများ ပိတ်မိနေဆဲလဲဖြစ်ပါတယ်။

ကုန်တင်ကားတွေဟာ အင်းတော်မြို့နယ် မဲဇာတောင်အနီးတဝိုက်မှာ ရပ်တန့်ထားကြရပြီး တချို့ကုန်တင်ကားတွေဟာ မန္တလေးမြို့ဘက်ကို ပြန်လှည့်လာခဲ့ပြီလို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

“ ကျောက်တန်းကနေပြန်လှည့်ခဲ့ရတယ်။ အဆုံးမခံနိုင်တဲ့သူတွေကတော့ မန္တလေးကနေ ပစ္စည်းပြန်လာသယ်တာ မကောင်းတဲ့ဟာတွေ အကုန်ကန်ချခဲ့ပဲ။​အခြေအနေကတော့ မကောင်းဘူး။” လို့ မန္တလေး-မြစ်ကြီးနား ကုန်တင် ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။

အင်းတော်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်၊ ဟုမ္မလင်း၊ ပင်လည်ဘူး ဘက်သို့လည်းကောင်း ကချင်ပြည်နယ် မိုးညှင်း၊ဖားကန့်၊ဟိုပင်၊မိုးကောင်းမြို့ တွင်းဘက်သို့၎င်း စစ်ရေးနှင့် ရိက္ခာ ထောက်ပံ့ရေးလမ်းကြောင်းအတွက် အရေးပါတဲ့ မြို့တစ်ခုလဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *