ဇူလိူင် ၂၃ ၊ ဟုမ္မလင်း
ကချင် PDF နှင့် ဟုမ္မလင်း PDFတို့ ပူးပေါင်းပြီး ဟုမ္မလင်းမြို့နယ် နတ်နန်းကျေးရွာစျေးတန်းအနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း SNA တာဝန်ရှိသူကပြောကြားသည်။
” SNA စစ်ကြောင်းကို KPDF နှင့် HPDF ပူးပေါင်းပြီးတော့မှ ခြုံခိုတိုက်ခိုက်သွားတယ် ။ ခြုံခိုတိုက်ခိုက်သွားတဲ့အချိန်မှာ မိုင်းထောင်ပြီးတော့မှ မိုင်းဆွဲ တိုက်ခိုက်သွားတယ် ။ အဲ့ဒါပြီးတော့မှ တိုက်ပွဲ ဖြစ်တယ်ပေါ့ဗျာ။” ဟု SNA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောကြားသည် ။
ပူးပေါင်းအဖွဲ့ဟု ပြောဆိုရခြင်းမှာ ပင်လည်ဘူး ဖောင်းပြင် ဗန်းမောက် ဟုမ္မလင်းမြို့နယ်များရှိ PDF များအား KIA မှ ဒုတပ်မဟာမှူးအဆင့်ရှိသူမှ တပ်မဟာမှူး တာဝန်ယူလျှက် ဦးစီးကွပ်ကဲနေသောကြောင့် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည် ။
SNA အနေဖြင့် တိုက်ခိုက်ခြင်း မခံရမီ ဇူလိူင်လ ၂၁ ရက်နေ့ညက KPDF နှင့် HPDF တပ်ဖွဲ့ဝင်များ နတ်နန်းကျေးရွာထဲတွင် ပြည်သူအချို့အား ခေါ်ယူစစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်နေသည်ဟု သတင်းရသဖြင့် အခြေအနေကို စုံစမ်းရန် စစ်ကြောင်း သွားရောက်သဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည် ။
” အဲ့ဒီဒေသကလည်းပဲ ကျွန်တော်တို့ SNA ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တယ်ဆိုတော့ SNA ရဲဘော်အနေနဲ့ကတော့ အမြဲတမ်းသွားလာနေတာပဲ ။ ကျွန်တော်တို့ ဒေသထဲမှာ တစ်စုံတစ်ခု ပြဿနာဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ကလည်းပဲ စုံစမ်းမေးမြန်းဖို့သွားတဲ့အချိန်မှာ လမ်းမှာပဲ ကျွန်တော်တို့ကို မိုင်းဆွဲတိုက်ခိုက်တာ။” ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် SNA တပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ဆိုသည် ။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဟုမ္မလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အားဆက်သွယ်မေးမြန်းရာ
” အခြေအနေကို ဘာမှ မသိရသေးတဲ့အတွက် ဘာမှပြောပိုင်ခွင့်မရှိဘူး။” ဟု တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ဟုမ္မလင်းမြို့နယ်တွင် PDF သုံးဖွဲ့ရှိပြီး ယခုတိုက်ခိုက်မှုအား HPDF 124 တပ် က ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူအချို့က ပြောကြားမှုရှိခဲ့ပြီး အဆိုပါပြောကြားမှုအားအတည်ပြုနိူင်ရန် HPDF 124 အား ဆက်သွယ်မေးမြန်းရာ ဖြေကြား၍ မရသေးကြောင်း ပြောကြားသည်။ သို့ရာတွင် လွန်ခဲ့သော ရက်သတ္တပတ်က HPDF 124 တာဝန်ခံ စိုင်းခမ်းနောင်က SNA ကို ရန်သူသဖွယ်ဆက်ဆံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
SNA အနေဖြင့် အကြပ်အတည်းကာလ ဒေသတည်ငြိမ်ရေးနှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးဟူသည့် မူကို ချမှတ်ဆောင်ရွက်နေပြီး စစ်ရေးပေါ်လစီကို ချမှတ်ဆောင်ရွက်နေကြောင်း ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ဆိုသည်။
” SNA ကို လက်နက်ကိုင်ပြီး တိုက်ခိုက်တဲ့ အဆင့်မရောက်မချင်း လူထုကို ဝန်ထုပ်ဝန်ပိုးမလုပ်မချင်း ဘယ်လက်နက်ကိုင်ကိုမှ ကျွန်တော်တို့အနေနဲ့ စတင်ပြီးတော့မှ တိုက်ခိုက်ခြင်း မပြုရဘူးလို့ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ထားတာရှိပါတယ် ။”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နောင်ပူအောင် နတ်နန်း လမ်းမပေါ်တွင် မပေါက်ကွဲသေးသော မိုင်း ခုနှစ်လုံးအား ထပ်မံရှင်းလင်းခဲ့ရကြောင်းလည်းသိရသည်။