ကတူးတိုင်းရင်းသားတို့၏အမျိုးသားနေ့ပွဲတော်  SNA ထိန်းချုပ်နယ်မြေတွင်ပြုလုပ်

ဧပြီ ၂၃ ၊ ဗန်းမောက် 

ကတူးတိုင်းရင်းသားတို့၏ ကတူးအမျိုးသားနေ့ ကို ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသ ရှမ်းနီအမျိုးသားများတပ်တော် SNA ၏ ထိန်းချုပ်နယ်မြေအတွင်းမှာ ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

“ ဒါပထမဆုံးအကြိမ်ကျင်းပတာပါ ၊ ဒီလိုကျင်းပခွင့်ရဖို့ ခွင့်ပြုပေးတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ကတူးစာပေယဥ်ကျေးမှု နာယက ဦးအောင်ဖေက ပြောပါတယ်။ 

SNA ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ပြုလုပ်တဲ့  ကတူးပွဲတော်ဟာ ပထမဆုံးအကြိမ်ပြုလုပ်တာလည်းဖြစ်ကြောင်း သိရပါတယ်။ 

၂၀၁၀ ခုနှစ်ကစပြီး ၂၀၂၀ အထိ   နှစ်စဉ်ကျင်းပခဲ့ပြီး  ကတူးဘာသာစကားနဲ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ရေးနှင့် ကတူးအမျိုးသားရေးလုပ်ငန်းစဉ်များကိုဆွေးနွေးကြတယ်လို့ သိရပါတယ်။ 

“  KIA/PDF တွေ ထိန်းချုပ်ထားတုန်းက ကျွန်တော်တို့ ရှမ်းနီစာပေယဥ်ကျေးမှုတွေ ရိုးရာပွဲတော်တွေလုပ်ခွင့်မရခဲ့ဘူး။ မရခဲ့ရုံမကဘူး ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေပါလုပ်ခံရတယ်။ အထင်ရှားဆုံးကတော့ နောင်ပါတ် ဆရာတော် ဦးဂန္ဓမာ အသတ်ခံရတဲ့ဖြစ်စဥ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့ လက်ထက်မှာ အတူနေတိုင်းရင်းသားတွေကို ဒါမျိုးမဖြစ်စေချင်ဘူး။ ကိုယ်ချင်းစာတယ် ။ ဒါကြောင့် ခွင့်ပြုခဲ့တာပါ ”ဟု SNA က တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ 

  ၂၀၁၀ ခုနှစ်  ဧပြီလ (၂၂) ရက်နေ့ကို ကတူးတိုင်းရင်းသားများနေ့(ကတူးအမျိုးသားနေ့)အဖြစ်သတ်မှတ်ခဲ့ပြီး နှစ်စဉ်တွေ့ဆုံပွဲကျင်းပလာခဲ့တယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်ထံမှ သိရပါတယ်။ 

ဗန်းမောက်မှာပြုလုပ်တဲ့ ကတူးတိုင်းရင်းသားတို့၏ ပွဲတော်မှာ ကတူးတိုင်းရင်းသားတို့ရဲ့ အကယဉ်ကျေးမှုများဖြင့် ဖျော်ဖြေမှုများ၊ လက်မှုပညာရပ်များ ပြသမှုများပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *