ဒီဇင်ဘာ ၂၈ ၊ ဗန်းမောက်
ကတူး/ကဒူးလူမျိုးတို့၏ သမိုင်းကြောင်းတွေကိုပြသနိုင်ဖို့ ကတူး/ကဒူးအမျိုးသားပြတိုက် တည်ဆောက်ဖို့ စီစဥ်နေတယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်၏ အကြံပေး ကဒူးသန်းနိုင် ထံကနေ သိရှိရပါတယ်။
“ ခေတ်ကလည်း ကောင်းလာမယ့်အချိန် အဲ့လိုမျိုးအချိန်ကျလို့ရှိရင် ကျွန်တော်တို့က ရံပုံငွေ ရှိရင်ရှိသလို ပြတိုက်အကြီးကြီးဆောက်ပြီးတော့ ကျွန်တော် ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ရာထောင်ချီပြီးတော့ အဲ့ဒီသမိုင်းကြောင်းနဲ့ဆိုင်တဲ့ဟာပေါ့ဗျာ။ အကြီးကြီးအဲ့လိုမျိုး ခေတ်အဆက်ဆက် အဲ့လိုရှေးဟောင်းပစ္စည်းတွေကအစ ကျွန်တော်တို့ စာပေယဥ်ကျေးမှုအကုန်လုံးကို ကျွန်တော်တို့က တစ်နေရာတည်း ပြသဖို့အထိ ဆောက်လုပ်ဖို့ ရည်ရွယ်ထားတာပေါ့နော လောလောဆယ်ကတော့။”
လက်ရှိမှာ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် စက်တောကျေးရွားမှာ ကတူးရိုးရာယဥ်ကျေးမှုပြတိုက်ငယ်တစ်ခုကို တည်ဆောက်ပြီးစီးထားလည်းဖြစ်ပါတယ်။
အဆိုပါပြတိုက်မှာတော့ ကတူးလူမျိုးများ၏ လယ်ယာသုံးပစ္စည်းတွေနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းတွေကိုသာ ပြသသွားမှာဖြစ်ပြီး ကတူးလူမျိုးတို့၏ သမိုင်းကြောင်းဆိုင်ရာတွေကိုပါ ပြသနိုင်ဖို့အတွက် ကတူးအမျိုးသားပြတိုက်ကြီးကို ထပ်မံတည်ဆောက်သွားဖို့ စီစဥ်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။
ကတူးရိုးရာယဥ်ကျေးမှုပြတိုက်ငယ်တစ်ခုကို စက်တောကျေးရွာမှာ ၂၀၂၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်မှာ တည်ဆောက်မှုပြီးစီးသွားပေမယ့် နယ်မြေအခြေအနေ နှင့် စုဆောင်းထားသည့် ရိုးရာပစ္စည်းတွေ မစုံလင်သေးတာကြောင့် မဖွင့်လှစ်နိုင်သေးဘူးလို့လည်း ၎င်းက ထပ်မံပြောဆိုပါတယ်။