မြန်မာလူထုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းအများအပြား ကန့်ကွက်တဲ့ကြားက မြန်မာနိုင်ငံကို မနေ့က ဇန်နဝါရီ (၇) ရက်နေ့ရောက်လာခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ဝန်ကြီးချုပ်တစ်ဦး လာရောက်ခဲ့တဲ့ ခရီးစဉ်လည်းဖြစ်လာခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ မနေ့ကမနက်မှာပဲ ရန်ကုန် ၊ မန္တလေး နဲ့ တခြားနယ်မြို့တွေမှာ ပျောက်ကြားသပိတ်တွေနဲ့ ကန့်ကွက်မှုများ ၊ သူ့ရဲ့ ဓာတ်ပုံကို မီးရှို့ပြီး ဆန္ဒထုတ်ဖော်ရှုံ့ချခဲ့ကြပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်လည်းတွေ့ဆုံခဲ့ပြီး
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲရေးကို ၂၀၂၂ နှစ်ကုန်အထိ တိုးမြင့်သွားဖို့ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်ဟွန်ဆန်က အာဆီယံဘုံသဘောတူညီချက် (၅) ချက် ကိစ္စ နဲ့ အာဆီယံအထူးကိုယ်စားလှယ်အသစ် မြန်မာနိုင်ငံကို လာရောက်ဖို့နဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖို့ ပြောဆိုခဲ့ပါတယ်။
ဒီခရီးစဉ်ကနေ နှစ်နိုင်ငံ ဆက်ဆံရေးအပြင် အခွန်လျှော့ချရေး ၊ ခရီးသွားလုပ်ငန်း ၊ ပညာရေးလုပ်ငန်း နဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေအကြောင်းပါ ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ပုဂံဒေသနဲ့ ဆီယံရိဒေသအကြား ခရီးသွားမိတ်ဖက်မြို့အဖြစ် သတ်မှတ်ဆောင်ရွက်ဖို့နဲ့ ကိုဗစ် -၁၉ ရောဂါထိန်းချုပ်နိုင်ချိန်မှာ လေကြောင်းလိုင်းတွေ အမြန်ပြန်လည်ပြေးဆွဲဖို့ပြောဆိုခဲ့ကြတာပါ။
ဒီခရီးစဉ်ကို NUG ဘက်ကတော့ ဒီတွေ့ဆုံမှုက မြန်မာပြည်သူအတွက် အကျိုးတစ်စုံတစ်ရာမရှိကြောင်း ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီနဲ့တွေ့ဆုံမှုအပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဒီနေ့နေ့လည်ပိုင်းမှာပဲ နေပြည်တော်ကနေ သူ့တို့နိုင်ငံကို ပြန်လည်ထွက်ခွာသွားကြောင်း စစ်ကောင်စီမီဒီယာတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။