ဒီဇင်ဘာ ၅ ၊ ကသာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ပေါ်တွင် ပိတ်ထားသည့် အခြေခံပညာကျောင်း ဒီဇင်ဘာလ (၁) ရက်နေ့ကစပြီး ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ စုံစမ်းသိရှိရပါတယ်။
အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ကျောင်းတက်လာရောက်တဲ့ ကျောင်းသားအရေအတွက်က အလွန်နည်းနေသေးလို့လည်း ကျောင်းသားမိဘတွေဆီကနေ သိရှိရပါတယ်။
“ သားသားတို့အတန်းက အခန်း သုံးခန်း A၊ B၊ C ပေါင်းမှာ ၂၄၀ ကျော် ရှိတဲ့ဟာ သုံးခန်းစလုံးပေါင်းတာ ၉ ယောက် ရှိတာကောအေး။ အလယ်တန်းတော့ မပြောတတ်ဘူး။ KG မပါဘဲနဲ့ မူလတန်း တစ်ကျောင်းလုံး အနေနဲ့တော့ ၅၀ နီးပါးတော့ ရှိတယ်။” လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။
အခြားမြို့နယ်ကနေ ပညာသင်လာရောက်တဲ့ နယ်ဝေးကျောင်းသားအချို့ ပြန်လည်ရောက်ရှိနေသော်လည်း အရေအတွက်အားဖြင့် နည်းနေသေးတာပဲ ဖြစ်ပါတယ်။
NUG က ဖော်ဆောင်နေတဲ့ မြို့သိမ်းတိုက်ပွဲ အခြေအနေတွေကြောင့် ကသာမြို့ပေါ်က ပြည်သူလူထုတွေလည်း လွန်ခဲ့တဲ့လက မြို့ကနေ ရှောင်တိမ်းခဲ့ကြပြီး ယခုဆို ပြန်လည်ဝင်ရောက်ကြပြန်ပဲ ဖြစ်ပါတယ်။
ယခု ဒီဇင်ဘာလ ဒုတိယပတ်နောက်ပိုင်းမှာ နှစ်ဝက်စာမေးပွဲ ဖြေဆိုဖို့ ရှိနေပြီး စာမေးပွဲဖြေဆိုပြီး လုံးခြုံရေးအခြေအနေ ကောင်းမွန်ပါက အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သိရှိရပါတယ်။
လုံခြုံရေးအခြေအနေကြောင့် အခြေခံပညာကျောင်းတွေ ဆက်လက်မဖွင့်လှစ်နိုင်ပါက ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်သွားမည့် နှစ်ဝက်စာမေးပွဲပေါ်မူတည်ပြီး အတန်းတင် အတန်းချ ဆုံးဖြတ်သွားမယ်လို့လည်း ပညာရေးဌာနနှင့် နီးစပ်သူထံမှ သိရှိရပါတယ်။
ကသာမြို့နယ်နဲ့ ထိစပ်နေတဲ့ အင်းတော်မြို့နယ်အတွင်း NUG ထိန်းချုပ်နယ်မြေထဲက စာသင်ကျောင်းတွေလည်း စစ်ရေးအခြေအနေကြောင့် ပိတ်ထားရတာ နှစ်ပါတ်နီးပါး ရှိပြီလို့လည်း စုံစမ်းသိရှိရပါတယ်။