ဇန်နဝါရီ ၁၂ ၊ ကသာ
ကသာမြို့ အထက်ပိုင်း မိုးတားကြီးရွာအနီး စစ်ကောင်စီက လေယာဉ် (၃) စီးနဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် နေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ မြို့လှ PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်က မိုးတားကြီးရွာ စျေးတန်း ၊ ကချင်စု နဲ့ ဗျူဟာရောင် ဘုန်းကြီးကျောင်းအနီးက ဒေါ်အောင်လျှို စတဲ့နေရာတွေမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကနေ ဗုံး ၁၂ လုံးကျဲချခဲ့ပြီး မိုးတားကြီးရွာက ဓမ္မာရုံတစ်ခု နေအိမ် (၅) လုံးနဲ့ ကချင်စုက နေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ဗုံးကျဲမှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် စုစုပေါင်းအပြစ်မဲ့ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူဦးရေရှိမရှိ ဆက်လက်ရှာဖွေနေကြောင်း ထုတ်ပြန်ထားပါတယ်။
ကသာ မိုးသားကြီးနယ်ထဲမှာ ဇန်နဝါရီလ ၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဧရာဝတီမြစ်ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီတပ်တွေရဲ့ ရေယာဉ်တွေကလည်း ကသာမြို့အနီးမှာ မကြာခဏ တိုက်ခိုက်ခံနေရတာလည်းဖြစ်ပါတယ်။