ဇွန် ၂၃၊ ကာမိုင်း
ဖားကန့်မြို့နယ် ကာမိုင်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ပေတစ်ရာအကွာမှာ ဇွန်လ ၂၂ ရက်နေ့ မနက် (၇) နာရီမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကာမိုင်းရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။
“ စာသင်ကျောင်းအရှေ့မှာကွဲတာပါဗျာ့။ ထိခိုက်မှုကတော့ တစ်ယောက်မှမရှိပါဘူး။ ကျောင်းကတော့ နားလိုက်ရတော့တာပါ့ ၊ ဒီကနေ့တော့ ကျောင်းပြန်ဖွင့်တယ်။ ကျောင်းဝန်းနဲ့ဆိုရင်တော့ ပေတစ်ရာပတ်ဝန်းကျင်ပဲကွာတယ်” လို့ ကာမိုင်းမြို့ ရပ်မိရပ်ဖတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား တစ်ထောင်ကျော် ပညာသင်ကြားနေပြီး ဒီဗုံးပေါက််ကွဲမှုကြောင့် ဇွန်လ ၂၂ ရက်နေ့အတွက် ကျောင်းပိတ်လိုက်ရတယ်လို့ သိရပါတယ်။
ဗုံးလာရောက်ဖောက်ခွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာသေချာမသိရပေမယ့် ကျောင်းဖွင့်လှစ်သည့်အတွက် ကျောင်းဆရာ/မ တွေကို ခြိမ်းခြောက်သည့်သဘောဖြစ်တယ်လို့ ကာမိုင်းရပ်မိရပ်ဖတစ်ဦးက သုံးသပ်ထားပါတယ်။
ကာမိုင်းမြို့ရှိ စာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာ အခုတစ်ကြိမ်ဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း ထွေအုပ်ရုံးအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသားဝန်ထမ်းတစ်ဦးသေဆုံးခဲ့သလို အမျိုးသားတစ်ဦးကလည်း ခြေထောက်နှစ်ဖက်ကြေမွထိခိုက်ခဲ့ကာ အမျိုးသမီးတစ်ဦးက ဦးခေါင်းကို ထိမှန်မှုဖြစ်ပွားခဲ့ပါတယ်။