ကာလကြာရှည်ကုန်သွယ်ခွင့် ပိတ်ပင်တားဆီးမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေကို ကုန်သည်များနှင့် ဗန်းမောက်မြို့လူထုတို့ ပူးပေါင်းပြီးဆန္ဒပြ

ဇူလိုင် ၇ ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့အရှေ့ပိုင်းမှာ ကာလကြာရှည်စွာ ကုန်သွယ်ခွင့် ပိတ်ပင်တားဆီးမှုကြောင့် (KIA+PDF)ပူးပေါင်းတပ်ကို ကုန်သည်များနှင့် ဗန်းမောက်မြို့လူထုတို့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ အင်းတော်-ဗန်းမောက်လမ်းပေါ်ရှိ ကျောက်မဲတောင်၊ တောင်ခြေဂိတ် နှင့် ကျွဲကောကြီးကျေးရွာနှင့် ခေါင်းကိုက်ကျေးရွာလမ်းဆုံဂိတ်တို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

KIA+PDF ပူးပေါင်းတပ်ကို ကုန်သည်(ကယ်ရီ)သမားများနှင့် ဗန်းမောက်မြို့လူထုတို့ ဆန္ဒပြတာနဲ့ပတ်သက်ပြီး ဗန်းမောက်မြောက်ပိုင်း ဆီကုန်သည်တစ်ဦးက ယခုလိုပြောပြလာပါတယ်။

“ ဆိုင်ကယ်သမားတွေကော ကားသမားတွေကော ပြီးရင် မြို့တွင်းလူ နဲနဲပါးပါး ပါမယ်ပေါ့ဗျာ။ အဲ့လိုမျိုး ဆန္ဒပြကြတာပါ။ မနက် ၈ နာရီလောက်ကနေ ညနေ ၅ နာရီလောက်ကပေါ့။ အစီးရေကတော့ ဆိုင်ကယ်ကတော့ သုံးရာလောက်။ သုံးဘီးကတော့ ငါးဆယ်လောက်၊ ကားကတော့ နှစ်ဆယ်လာက်ပဲ ရှိမှာ ” လို့ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်သည့် (KIA+PDF)ပူးပေါင်းတပ်က ဗန်းမောက်မြို့အတွင်း ကုန်စည်စီးဆင်းခွင့်ကို လနှင့်ချီအောင် ပိတ်ပင်ထားပြီး စားနပ်ရိက္ခာခက်ခဲလာသည့်အတွက် ဗန်းမောက်မြို့နေလူထုတွေက ဆန္ဒပြရတာလို့ သိရပါတယ်။

“ အဲ့ဒါကြတော့ သူတို့(KIA+PDF) မြို့တွင်းကို ပိတ်တာရယ်။ ပြီးလို့ကြတော့ သူတို့(KIA+PDF) ဒီဆီကားတွေ ပိတ်တာရယ်ပေါ့ဗျာ။ ပြီးတော့ ဒီစားနပ်ရိက္ခာ သူတို့(KIA+PDF) ဒီလိုအပ်ချက်ရှိမှာပေါ့။ မြို့ထဲမှာကြတော့ ပိတ်ထားတာကြာပြီဆိုတော့ တအားခက်ခဲနေတဲ့အနေအထားကြတော့ အဲ့လိုပဲ ထွက်လုပ်ကြရင်းနဲ့ မထူးသာတော့ သူတို့(လူထု) ဆန္ဒပြကြရတာ အဲ့လိုမျိုးပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်သည့် (KIA+PDF)ပူးပေါင်းတပ်တို့က ဗန်းမောက်မြို့အတွင်း ကုန်စည်စီးဆင်းခွင့်ကို ပိတ်ပင်ထားပေမယ့် ၎င်းတို့ ထိန်းချုပ်ထားသည့် ဗန်းမောက်မြောက်ပိုင်းနှင့် တောင်ပိုင်းကိုတော့ အကန့်အသတ်နဲ့ ကုန်စည်စီးဆင်းခွင့် ပေးထားတယ်လို့လည်း သိရှိရပါတယ်။

လက်ရှိမှာတော့ ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နှင့် စစ်ကောင်စီတပ် လက်အောက်ခံ ဌာနေပြည်သူ့စစ်တို့က ပူးပေါင်းပြီး ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။

ကုန်သည်များနှင့် ဗန်းမောက်မြို့လူထုတို့ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပေမယ့် တော်လှန်ရေးအင်အားစုဘက်က ယနေ့တိုင် ဆက်လက်ပိတ်ပင်ထားတယ်လို့လည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုလည်း ဆက်ပိတ်ထားတုန်းအစ်ကို သူတို့တွေ။ တစ်ချို့တွေကြတော့လည်း နောက်ပြန်လှည့်တာပေါ့။ ဟိုလမ်းမှာပဲ ကျွန်တော်တို့ ခေါင်းကိုက်နှင့် မြသီတာကြားမှာပေါ့။ လောလောဆယ်တော့ အစီးရေ နှစ်ရာ၊ သုံးရာလောက် ရှိဦးမှာပေါ့။” လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ယခုနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေဖြစ်သည့် (KIA+PDF)ပူးပေါင်းတပ်တွေကို ပြည်သူလူထုက ဆန္ဒပြမှု ယခုအကြိမ်အပါအဝင် သုံးကြိမ်သုံးနေရာ ဖြစ်ပွားခဲ့ပြီး မတ်လအတွင်း သစ်မှောင်ခိုကိစ္စနဲ့ပတ်သက်ပြီး အင်းတော်မြို့နယ် မော်လူးမြို့ဒေသခံများဆန္ဒပြမှုနှင့် မေလနှင့် ဇွန်လအတွင်း လယ်ယာမြေဧရိယာကို ဖြတ်သန်းပြီး လမ်းသစ်ဖောက်လုပ်မှုကြောင့် ထီးချိုင့်မြို့နယ် ဒေသခံတောင်သူများ ဆန္ဒပြမှုတို့ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *