ဇန်နဝါရီ ၁၂ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ရေလဲကျေးရွာဘက်မှာ KIA+PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရှိရပါတယ်။
တိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်တွေက ရေလဲရွာအနီးရှိ ရေလည်ကျွန်းနားမှာ တိမ်းရှောင်နေကြရပြီး လယ်ယာစိုက်ခင်းများ မပြုလုပ်နိုင်ခြင်းကြောင့် ဝမ်းစာရေး ပိုမိုကြပ်တည်းလာနေတာလဲဖြစ်ပါတယ်။
“ သောင်ပြင်မှာ ရေလဲ ရေလည်ကျွန်းပေါ့နော့် သောင်ပြင်ကျွန်းရှိတယ် အဲ့ကိုင်းတောထဲမှာ အဲ့မှာဟိုဘက်လဲမပါ ဒီဘက်လဲ မပါပါ့ အဲ့မှာ စစ်ဘေးရှောင် ၁၀၀ ကျော်လောက်ရှိတယ်။ အဲ့မှာ အခင်းလဲမလုပ်ရ လယ်လဲ မလုပ်ရဘူးဖြစ်နေတာ ကြာလေကြာလေ ကြပ်လေ” လို့ ဒေသခံ ဆရာတော်တစ်ပါးမှ မိန့်ကြားပါတယ်။
ရေလည်ကျွန်းကျေးရွာအနီးတိုက်ပွဲများမှာ KIA+PDF တွေ ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်မှု၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာတွင်း လက်နက်များ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဒေသခံများက စွန့်ခွာတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
တိုက်ပွဲအတွင်းက လက်နက်ကြီးကျည်တွေပစ်ခတ်မှုတွေကြောင့် ဒေသခံ နေအိမ်များ ၊ ဘာသာရေး ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးမှုများစွာရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူ ထောင်နှင့်ချီရှိနေပြီး မြို့ပေါ်ကို တိမ်းရှောင်သွားကြသူ နှစ်ထောင့်သုံးရာကျော်ရှိကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးကော်မတီထံမှ သိရပါတယ်။