ကုန်းလမ်း-ရေလမ်းပြတ်တောက်မှုကြောင့် ဖောင်းပြင်မြို့ခံများ ပိုမိုခက်ခဲလာ

ဇွန် ၆ ၊ ဖောင်းပြင် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဖောင်းပြင်မြို့မှာ ကုန်းလမ်း ဆက်သွယ်ရေးရော၊ ရေကြောင်းဆက်သွယ်ရေးပါ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ကုန်းလမ်းဆက်သွယ်ရေးဟာ NUG စိုးမိုးနယ်မြေဖြစ်တဲ့ ပင်လည်ဘူးမှ- ဖောင်းပြင်မြို့နယ် ဟော်ဇောင်းထိ သွားလာနိုင်ပြီး ဖောင်းပြင်မြို့ကို ကွင်းကာ ကောက်စာ-မြင်သာ- ညောင်ကုန်း စည်ဘက်မှ ကွင်းလမ်းဖြင့် သွားရတာလို့လဲ သိရပါတယ်။

ဖောင်းပြင်မြို့တွင်း ရေကြောင်းဆက်သွယ်ရေးကိုတော့ NUGလက်အောက်ခံ PDF များက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင်ပိတ်ဆိုဖြတ်တောက်ထားတာလို့ ဖောင်းပြင်မြို့ ဒေသခံတွေဆီမှ သိရပါတယ်။

ယခုလို ကုန်းလမ်းရော ရေလမ်းပါ ဖြတ်တောက်ခံထားရတဲ့ ဖောင်းပြင်မြို့ပေါ်မှာ စက်သုံးဆီဈေး အဆမတန်မြင့်တက်နေတယ်လို့သိရပြီး အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေးမပြေလည်မှုတွေများလာလို့ မြို့ကို စွန့်ခွါတာတွေ ရှိနေတယ်လို့ မြို့ခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ဓာတ်ဆီ တစ်လီတာ ၁၃၀၀၀ ကနေ ၁၈၀၀၀ ထိရှိတယ်။ ဒီလို အကြပ်တည်းတွေကြောင့် ပညာရေးဝန်ထမ်းတွေအပါဝင် အခြေခံလူတန်းစားတွေ မြို့ကိုစွန့်ခွါကြတာတွေရှိတယ်။ လက်ရှိအခြေနေက မြို့ကနေထွက်ခွါခွင့်ရှိပြီး ပြန်ဝင်ခွင့်မရှိဘူးလို့ NUG-PDF ဘက်က ပြောဆိုထားတယ်” လို့ မြို့တွင်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဒါ့ကြောင့် ဖောင်းပြင်မြို့မှာ (မတ်-၂၈)ရက်ကငလျင်ကြောင့် အဖြေလွှာများမီးလောင်ပါသွားပြီး ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/သူတွေအဖို့ မြို့တွင်းဝင်ရောက်စာဖြေရန် အခက်ခဲရှိလာပြီး အခြားစာဖြေဌာနတွေဆီ ပြောင်းရွေ့ကြရတာက ပိုမိုခက်ခဲလာစေကြောင်း ၎င်းကဆက်ပြောပါတယ်။

NUG-PDF စိုးမိုးသည့် ဖောင်းပြင်မြို့နယ်တွေမှာ CDM ဆရာ/မ များဖြင့် ပညာသင်ကြားပေးနေပြီး သိမ်းပိုက်နိုင်ခြင်းမရှိသေးသည့် မြို့ပေါ်မှာတော့ စစ်ကောင်စီယန္တယားသာ ဆက်လက်ရှိနေတာကြောင့်  ပြည်သူတွေ၊ ကျောင်းသား/သူတွေ နှစ်ဖက် လက်နက်ကိုင်တွေကြား ဖိအားတွေတိုးလာကာ အခက်ခဲများစွာ ရင်ဆိုင်ကြုံတွေ့နေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *