ကောက်ဦးပေါ်လည်း ရှမ်းနီတွေ မပျော်နိုင်တော့

ဆောင်းပါး

နန်းဆိုင်လောဝ် ရေးသားသည်။ 

မိုးကုန်လို့ဆောင်းကူး ၊   စပ်ကူးမပ်ကူးကာလ  နံနက်ခင်းစောစောအချိန်  လယ်တဲပေါ်ကနေ ဘယ်သို့ကြည့်ကြည့် မြူနဲ့နှင်းတွေက ရောယှက်ပြီး ကမ္ဘာကြီးကိုသူ့တို့ပိုင်သည့်အလား ပိန်းပိတ်မောင်ပိုင်စီးထားသည်။ ဆောင်းဝင်ခါစဆိုပေမယ့်လို့ အအေးဓာတ်ကလည်းပိုလိုက်ပါသဘိ အရိုးထဲထိစိမ့်နေအာင်ပဲ။ ငွေမြူနှင်းနည်းနည်းစဲလို့ နေမင်းအလင်းရောင်လေးပြူထွက်လာစမှာ လယ်တဲတံစက်မြိတ်အောက်ကနေ ထိုင်နေရာမှ  ရှေ့တူရှူက နှင်းရည်တွေနဲ့ တွဲလွဲခိုဝင်းဝါနေတဲ့ စပါးခင်းကြီးကို   ငေးမျှော်ကြည့်နေမိသည်။

တောင်သူတွေ ကိုယ်တိုင်ထွန်ယက်ခဲ့သည့် လယ်ကွင်းပြင်ထဲက စပါးများသည်  သီးချိန်တန်သီးခဲ့ပြီး  ဝင်းမှည့်လာရုံမက ရိတ်သိမ်းချိန်တောင်ကျော်နေပြီ။ ရွှေဝါရောင် အပင်လေးတွေပေါ်မှာ ရွှေဝါရောင်အသီးလေးတွေ ပြွတ်သိပ်ခဲနေတာကြောင့် ငိုက်ကျလှဲနေသည့် ပင်လှဲများ၊ အပင်နဲ့အသီးအပေးအယူညီမျှပြီး မိုးတိုးမတ်တပ်ထိုးထိုးထောင်ထောင်စပါးပင်များနှင့် တစ်မျှော်တစ်ခေါ်စပါးခင်းကြီးက အပူအပင်ကင်းကင်းမှည့်ဝင်းနေကြလေရဲ့။ သို့ပေသည့်  မြူနှင်းတွေအေးချမ်းသလောက်  အင်းတော်ကြီး တောင်သူများရဲ့စိတ်နှလုံးများမှာ မအေးချမ်းနေနိုင်ကြပေ။  

ယမန်နှစ်တုန်းကတော့ သီတင်းကျွတ်လရောက်ပြီဆို မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသတစ်ခုလုံးက  တောင်သူလယ်သမားတွေဟာ အလုပ်ရှုပ်ဆုံးကာလ

တစ်ခုဖြစ်သည်။  ရင့်မှည့်နေသည့် စပါးများ ရိတ်သိမ်းဖို့ ရိတ်ခြွေစက်များ လိုက်ငှားရ  ၊ အလှည့်ကျရိတ်သိမ်းမည့် ရက်များကို သတ်မှတ်ကြခြင်း နဲ့  ရိတ်ချွေစက်သယ်နိုင်မယ့်  လမ်းကြောင်းများပြုလုပ်နေကြသည်နှင့် အလုပ်ရှုပ်ခဲ့ကြသည်။ ဒီနှစ်မှာတော့ လူထက် စိတ်က ပိုအလှုပ်ရှုပ်နေကြရသည်။ ရိတ်ချွေစက်

မရှိ ၊ ဒီဇယ်မရှိ ၊ ကောက်စိုက်သမ မရှိ စသည့် ပြဿနာအရပ်ရပ်ကို တောင်သူတိုင်းက ငြီးတွားနေကြသည်။ 

အင်းတော်ကြီးဒေသထဲမှာ သီတင်းကျွတ်လပြည့်ကျော်လွန်ပြီးတာနှင့် တောင်သူအားလုံးက စတင်ရိတ်သိမ်းနေကြပြီဖြစ်သည်။ ယခုနှစ်မှာ   အင်းတော်ကြီးဒေသအတွင်း လက်နက်တပ်ဖွဲ့များ၏ တိုက်ပွဲများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့်  မိုးညှင်းမြို့၊ ဟိုပင်မြို့တွေဘက်က ကောက်ရိတ်စက်တွေမဝင်နိုင် ၊ မဝင်

ရဲကြသလို  ကောက်ရိတ်သမများသည်လည်း ရှားပါးလာမှုများနှင့် ကြုံတွေ့ခဲ့ရသည်။   ဒါ့အပြင် စက်သုံးဆီ(ဒီဇယ်)များသည်လည်း စျေးနှုန်းအဆမတန်မြင့် တက်သလို  ဝယ်ယူနိုင်ရေးလည်း ခက်ခဲသည့်အတွက်ကြောင့် တစ်ဧက ရိတ်ချွေခ ကျပ်နှစ်သိန်းဝန်းကျင်ရှိနေသည်။ တောင်သူများ၏ လယ်တစ်ဧက စိုက်ပျိုးစရိတ် ၊ မြေဩဇာစရိတ် ၊ အလုပ်သမားစရိတ်တွေနဲ့ စုပေါင်းလိုက်ရင် ထွက်လာမယ့် စပါးရဲ့ သုံးပုံတစ်ပုံကျော်ရဲ့ တန်ဖိုးနီးပါးရှိနေပြီဖြစ်သည်။ 

ဒေသတွင်းရှိသည့် စက်များ၊ ကောက်ရိတ်သမများနှင့်လည်း ဧကသောင်းနှင့်ချီကို ရာသီအမှီသိမ်းဖို့မလောက်ငှကြတော့ပြီ။  

မိုးညှင်းမြို့နယ်တစ်ခုလုံးမှာ  နှစ်စဉ်မိုးစပါးစိုက်ပျိုးတဲ့ လယ်ဧကစုစုပေါင်း တစ်သိန်းသုံးသောင်းကျော်ရှိပြီး ထိုအထဲကမှ သုံးပုံနှစ်ပုံက အင်းတော်ကြီးဒေသက ဖြစ်သည်။  အင်းတော်ကြီးဒေသ မှာ နှစ်စဉ်  စပါးတင်းပေါင်း သန်းနှင့်ချီထွက်ရှိနေတာလည်းဖြစ်ပါတယ်။ ဧကသောင်းနှင့်ချီရှိနေသည့် အင်းတော်ကြီးဒေသထဲတွင် ရင့်မှည့်နေသည့် စပါးများကို  အချိန်မှီ ရိတ်သိိမ်းနိုင်ဖို့အရေး တောင်သူများက သောကပွေနေကြသည်။  ရှမ်းနီတိုင်းရင်းသား တောင်သူလယ်သမားတွေက တခြားသောလုပ်ငန်းကိုင်ငန်းများလည်း မရှိကြပါလေ။  ဒီလယ်ကရတဲ့ ဆန်စပါးများနှင့်မိသားစုရဲ့ဝမ်းစာသာမက စပါးများရောင်းချခြင်းဖြင့်လည်း အသုံးစရိတ်အနည်းငယ်ရရှိတာကြောင့် တောင်သူများ၏အမှီသဟဲပြုအားထားရာ ဘိုးဘွားစဉ်ဆက်လက်ငုပ်လက်ရင်းလုပ်ငန်းပေတည်း။ 

ယခုတော့ တောင်သူကြီးများသည်  ရွှေဝါရောင်စပါးခင်းကြီးနှင့်   မြင်သာမြင်မကြင်ရဆိုသလို၊ ပဝါတစ်ကမ်း လက်တစ်ကမ်းအလိုမှာ မည်သို့မည်ပုံဆက်လုပ်ရမည့်အရေးတွေးပူနေကြသည်။  ရာသီအကူးအပြောင်းကာလမို့ သီးနှံဖျက်မိုး လျှောက်ရွာမိုးလေးကိုလည်း စိုးရိမ်ရ ၊  ရာသီအမှီမသိမ်းလျှင် ဆုံးရူံးနစ်နာနိုင်သည်က များသည်။ နောက်ထပ်စိတ်သောကတစ်ခုမှာ အကယ်၍ ရိတ်သိမ်းပြီးပါကလည်း ရောင်းချရန်   စပါးတစ်တင်းလျှင်ကျပ်(၁)သောင်းကျော်သာ ပေါက်စျေးရှိသည်ဆိုရုံမက စပါးကုန်သည်များ စပါးဝယ်ယူခြင်းရပ်နားထားကြသည်။ 

တရုတ်ကလမ်းပိတ်လိုက်တယ်ဆိုလားလေ  စပါးစျေးကကျလည်းမကျသွားဘူး တက်လည်းမတက်သွားဘူး လောလောဆယ်ဝယ်တဲ့သူမရှိနေတာ ဝယ်လက် အေးနေတာပါ့ ရောင်းရင်လည်းဝယ်တဲ့သူကမရှိဘူး” ဟု မိုးညှင်းမြို့သို့ သွားရောက်ခဲ့သော တောင်သူတစ်ဦးဆီမှ သိရသည်။  

ကောက်ဦးပေါ်ချိန် ရှမ်းပျော်ချိန်” လို့ ဆိုရိုးရှိခဲ့သော်ငြားလည်း အခုနှစ်မှာ ကောက်ဦးပေါ်နေခဲ့သော်လည်း ရှမ်းတောင်သူတွေမပျော်နိုင်တော့သည်။

ကောက်ဦးရဖို့ ရိတ်သိမ်းမည့် စက်မရှိ ၊ လူမရှိ နှင့် တောင်သူများ ခက်ခက်ခဲခဲကြုံနေရသည်။ ပင်ပန်းခဲ့ရသလောက် တောင်သူတွေအဖို့ အကျိုးခံစားခွင့်ရနိုင်ဖို့က အတော်ကို အလှမ်းဝေးနေပြီး မျှော်လင့်ချက်ရောင်ခြည်က မှုန်ပျပျသာရှိနေပါတော့သည်။  အနာဂတ်ဟာလည်း ကြမ်းတမ်းလာပြီး အပြစ်တင်စရာ ကံကြမ္မလား ၊ နိုင်ငံရေးလား  စသဖြင့်အတွေးစုံဖြင့် ရင့်မှည့်နေသည့် စပါးခင်းကိုထပ်ငေးနေရင်း … ။

Leave a Reply

Your email address will not be published. Required fields are marked *