ကောလင်းမြို့နယ် ဥက္ကံရွာမှာ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်  ၃ ဦးသေဆုံး 

အောက်တိုဘာ ၂၂ ၊​ ကောလင်း 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို အောက်တိုဘာလ ၂၁ နေ့ မနက် 10 နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၃ ဦးထိခိုက်သေဆုံးခဲ့ရကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့မှာ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထဲမှာ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး(၂)ဦးပါဝင်တယ်လို့ စစ်ကိုင်းပကဖက ထုတ်ပြန်ထားပြီး ကျေးရွာတွင်းမှာ ကောလင်းနှင့် ကန့်ဘလူဒေသတွင်း စစ်ရှောင်များ လာရောက်နေထိုင်ကြတယ်လို့လဲ သိရှိထားရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀)  ရက်နေ့ကလဲ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့တဲ့ သတင်းမှတ်တမ်းများရှိထားပြီး  အဲ့ဒီအချိန်က အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၃)ဦး၊ စုပေါင်း (၇) ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိဖူးပါတယ်။

ဥက္ကံကျေးရွာဟာ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်တွင်ပါဝင်ပြီး၊ ပင်လည်ဘူးမြို့နယ်၊ ကျွန်းလှမြို့နယ် ၊  ကန့်ဘလူမြို့နယ်တို့နဲ့ နယ်မြေချင်းနီးကပ်စွာရှိနေသလို  NUG ၊  PDF နှင့် KIA  တို့က  ကြီးကြပ်ကွပ်ကဲသည့် ဒေသလည်းဖြစ်ပါတယ်။

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များ၏   သတင်းအချက်လက်ရရှိမှုအပေါ်မူတည်ပြီး လိုအပ်သလိုတုံ့ပြန်ဆောက်ရွက်မှာဖြစ်ကြောင်းနှင့် ၎င်းတို့ဝင်ရောက်နေထိုင်သည့် မြို့၊ ရွာများမှာ လက်နက်ကိုင်တပ်များအသုံးချမခံရရေးတွက် အထူးသတိပြုကြဖို့ နိုင်ငံပိုင်သတင်းစာတွေမှာ နေ့စဉ်ဖော်ပြနေပြီး တိုက်ပွဲဖြစ်ပွားမှုမရှိသော်လဲ ၎င်းတို့လက်လွတ်ဆုံးရှုံးထားရသည့်နယ်မြေတွေမှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာနေတာလဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *