
ဇွန် ၂၀ ၊ ပုလဲ
အနာဂတ်ဖန်တီးရာမှာ အရေးပါတဲ့ “ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ” များတွင် တာဝန်ထမ်းဆောင်နေတဲ့သူတွေကို နှောင့်ယှက်မှုတွေမပြုလုပ်ကြောင်း သဘောထားကြေညာချက်တစ်ရပ်ကို BNRA က ဇွန်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီကဏ္ဍနှစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေဟာ သူတို့ရဲ့ရွေးချယ်မှုအပေါ် ဗမာအမျိုးသားတော်လှန်းရေးတပ်မတော် BNRA က အနှောင့်အယှက်၊ အဟန့်အတား ပြုလုပ်မှာမဟုတ်ဘဲ နားလည်မှုတွေပေးအပ်သွားမယ်လို့ ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
ဒီလိုထုတ်ပြန်ရတာဟာ ကာလရှည်ကြာရပ်တန့်ထားလို့မရတဲ့အထဲမှာ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေပါဝင်နေပြီး ပိုမိုကောင်းမွန်တဲ့ ပစ္စုပ္ပန်နဲ့အနာဂါတ်ကို ရည်မှန်းထားတာကြောင့်လို့ BNRA က ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီကဏ္ဍနှစ်ခုမှာ တာဝန်ထမ်းဆောင်တဲ့သူတွေအနေနဲ့ အခက်အခဲ၊ ထိခိုက်မှုတွေကြုံရင် ကူညီသွားဖို့ အားထုတ်ဖေးမသွားမယ်လို့လည်း ပြောဆိုထားပါတယ်။
တော်လှန်ရေးကဏ္ဍရဲ့ ကြိုးပမ်းနေမှု၊ အင်အားစုတွေရဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်ခြင်း၊ အနှောင့်အယှက်ဖြစ်စေခြင်းတွေကိုတော့ လုံးဝ မပြုလုပ်ဖို့ ပြင်းပြင်းထန်ထန်အသိပေးထားပါတယ်။
NUG ကတော့ စစ်ကောင်စီရဲ့ကဏ္ဍအသီးသီးမှာ ပါဝင်နေတဲ့သူတွေကို အရေးယူနိုင်မည့် CDM ဥပဒေတစ်ရပ်ကိုဇွန်လ ၁၃ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအကြား ဝေဖန်မှုတွေလည်းမြင့်တက်နေတဲ့ ဥပဒေတစ်ခုလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ကုလသမဂ္ဂနဲ့ NUG ရဲ့ စာရင်းတွေအရ ပညာရေးနဲ့ ကျန်းမာရေးတို့အဓိကပါဝင်ပြီး ဆရာ/မ တစ်သိန်းခွဲကျော်ဟာ CDM ပြုလုပ်ခဲ့ကြသလို ဆရာဝန် ၅၀% ကျော် နှင့် ကျန်းမာရေးဝန်ထမ်း ၃၀,၀၀၀ ခန့် အလုပ်မှနုက်ထွက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေကြောင့် အစိုးရဆေးရုံများ ၆၀% လည်ပတ်မှုကျဆင်းပြီး ကျေးလက်ဒေသများတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ပြတ်လပ်ခဲ့ပါတယ်။
ပညာရေးကဏ္ဍမှာလည်း မြန်မာနိုင်ငံထဲက ကလေးငယ် ၁၂ သန်းဟာ ပြီးခဲ့တဲ့ အာဏာစသိမ်းကာလနှစ်နှစ်အတွင်း ပညာသင်ကြားနိုင်ခြင်းမရှိတဲ့အခြေအနေတွေဖြစ်ပွားခဲ့ပါတယ်။
