ကျပ်သိန်းပေါင်း (၁)သိန်းတန်ဖိုးရှိဘိန်းဖြူနဲ့စိတ်ကြွဆေးပြားများကို NUG မီးရှို့

ဇန်နဝါရီ ၃၀ ၊ စစ်ကိုင်း 

မကြာသေးခင် ဇန်နဝါရီ(၂၅) ရက်နေ့မှာ ကျပ်သိန်းပေါင်း(၁)သိန်းခန့် တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့စိတ်ကြွရူးသွပ်ဆေးပြားများကို (NUG )က မီးရိူ့ဖျက်ဆီးပစ်ခဲ့တယ်လို့ ဒီနေ့မှာ ကြေညာထုတ်ပြန်လာပါတယ်။

 မီးရှို့ဖျက်ဆီးမှုထဲမှာ ဘိန်းဖြူဆပ်ပြာခွက်ပေါင်း (၆၅၀၀)ကျော်၊ WY (ခေါ် ) စိတ်ကြွဆေးပြားရေ (၄၆)သိန်းပြားကျော် တို့ကို ဖျက်ဆီးခဲ့ကြောင်း ဆိုထားပါတယ်။

ဖျက်ဆီးတဲ့နေရာအတိအကျကိုပြောဆိုထားတာမဟုတ်ပဲ ထိန်းချုပ်နယ်မြေတစ်နေရာမှာ  ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားတာပါ။

ဒီမူးယစ်ဆေးဖျက်ဆီးမှုပြုလုပ်တဲ့နေရာကို (NUG)ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် ဒေါက်တာဇော်ဝေစိုး နဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဘိန်းဖြူများကို ဒီမိုကရက်တစ်တပ်ဦး(ABSDF) က ဖမ်းဆီးခဲ့ပြီး WY များကိုတော့   PDF တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြတာလို့လည်း သိရကာ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေအတွင်းဖမ်းဆီးရမိမှုတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ (၂၀၂၅) ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့မူးယစ်ဆေးပမာဏဟာ (၂၀၂၄)ခုနှစ်ထက်ပိုများပြားခဲ့ပြီး  လက်နက်ကိုင်အဖွဲ့များစွာပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းက NUG လက်အောက်ခံ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင်တို့ သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား(၃)သန်းခန့်နဲ့ ဘိန်းဖြူ(၁၁၀)ကီလိုဂရမ်ခန့်တို့ကို ဟားခါးမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ဖူးပါတယ်။ 

NUG ထိန်းချုပ်နယ်မြေအတွင်းမှာ  မူးယစ်ဆေးဝါးလို့ သတ်မှတ်ထားတဲ့ ဆေးခြောက်စိုက်ပျိုးမှုတွေမြင့်တက်လာနေတယ်လို့လည်း ဒေသခံတွေကပြောဆိုနေကြပါတယ်။ 

စစ်ကော်မရှင်ဘက်က  (၂၀၂၄) ခုနှစ်မှာ ဘိန်းဖြူ  (၁.၉၇)တန်ကျော် ၊စိတ်ကြွဆေးပြားရေ (၂၂၇)သန်းကျော်ဖမ်းဆီးရမိခဲ့ပြီး ယခု(၂၀၂၅)ခုနှစ်မှာတော့ ဘိန်းဖြူ(၂.၁၃)တန်ကျော်နဲ့ စိတ်ကြွေဆေးပြား ရေ (၃၇၇)သန်းကျော်  ပိုတိုးတွေ့လာကြောင်း မူးယစ်ဆေးဖမ်းဆီးရမိမှုတစ်နှစ်စာမှာ ဖော်ပြထားတာပါ။

တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားနေတဲ့ ဒေသတွေမှာ စစ်ကော်မရှင်ရဲ့ မူးယစ်ဆေးတားဆီးနှိမ်နင်းရေးကိစ္စရပ်များနဲ့ ဖမ်းဆီးမှုများအတွက် အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *