ဇန်နဝါရီ ၃ ၊ စစ်ကိုင်း
ကချင်ပြည်နယ်က ဖားကန့်ဒေသအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထိန်းချုပ်ထားတဲ့ ဒေသများသို့ တရားမဝင်စက်သုံးဆီတင်ပို့နေသူ (၁၇)ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို အမည်ဓာတ်ပုံများနှင့်အတူ စစ်ကောင်စီနိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပြီး ၉၂ ဓာတ်ဆီနဲ့ ပရီမီယမ်ဒီဇယ် ဂါလံ(၃)သောင်းကျော်စီနဲ့ ဆီသယ်ယာဉ်စုစုပေါင်း (၂၂)စီးတို့ကို ဖမ်းဆီးတွေ့ရှိခဲ့တာပါ။
၎င်းတို့က စစ်သုံးဆီများကို စစ်ကိုင်းတိုင်းဒေသနဲ့ မန္တလေးတိုင်းအတွင်းတို့မှာ သိုလှောင်ထားပြီး ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ကဒေသများ၊ ရွှေနဲ့ပယင်းထွက်ရှိရာ တနိုင်းမြို့နယ်ကဒေသများအပါအဝင် စစ်ကိုင်းတိုင်းအတွင်းက ကောလင်းဒေသ၊ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က ရွှေလုပ်ကွက်တွေဆီကို တရားမဝင်သယ်ယူဖြန့်ဖြူးပေးတာဖြစ်ကြောင်း ဆိုထားပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းက စဉ့်ကူးမြို့နယ်၊သပိတ်ကျင်းမြို့နယ် ရွှေလုပ်ကွက်များနဲ့ မိုးကုတ်မြို့နယ်က ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများဆီတို့ကိုလည်း တရားမဝင်တင်ပို့နေကြတာလို့ သိရပါတယ်။
ဒီဒေသတွေအားလုံးဟာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်လုပ်ကိုင်နေတဲ့ လုပ်ကွက်ဒေသတွေဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကနေ စတင်ပြီးတော့ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ် ၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊မန္တလေးတိုင်း စတဲ့ တော်လှန်ရေးလက်နက်ကိုင်များထိန်းချုပ်ထားတဲ့ အချို့ဒေသတွေဆီ စက်သုံးဆီစီးဆင်းမှု ပြတ်တောက်စေရန်အတွက် စစ်ကောင်စီက စက်သုံးဆီတင်သွင်းခွင့်ကို ပိတ်ပင်ခဲ့တာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ဖားကန့်ဒေသတွေမှာ စက်သုံးဆီတစ်ပေပါ သိန်း(၂၀)ထိ ပေါက်စျေးရှိနေပြီး ဓာတ်ဆီတစ်ဂါလံ (၄၄၀၀၀)ကျပ်၊ ဒီဇယ်တစ်ဂါလံ (၄၂၀၀၀)ကျပ် စသည်ဖြင့် ဝယ်ယူသုံးစွဲနေကြကြောင်း သိရှိရပါတယ်။