



မတ် ၂၁ ၊ နမ့်မှော်
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ နှင့် မှော်ကလင်မှော်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များမှ နွှံကန်ပေါက်ကျလာပြီး ရွှံ့နွှံများ ကျေးရွာထဲသို့ ပေါက်ကျလာမှုတစ်ခု ဒီနေ့မတ်လ ၂၁ ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဖြစ်စဉ်ကို သိတဲ့ ဒေသခံတစ်ဦးကပြောပြတာက
“ ကုမ္ပဏီဆိုက်ကပဲလေပြိုတာက နွှံတွေကရွာထဲကိုတော့ ဝင်လာတယ်။ အိမ်တွေကိုတော့ ထိခိုက်မှုမရှိပါဘူး။မှော်လကင်ရယ် အဲ့နားတစ်ကျောမှာ အရင်တုန်းကတော့ အဲ့တာ Ever နေရာတွေလေ အဲ့နေရာက Ever လုပ်ထားတဲ့ကျင်းကြီးတွေ နေရာတွေ၊ အခုက အဲ့ဒီမှာ Ever ကမလုပ်ဘူးလေ နားထားပြီ။အခုက အဲ့ဒီမှာလုပ်နေတာက KIA လည်းလုပ်နေတယ်။ ပွင့်ဖြိုးစံလည်းလုပ်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
နွှံကန်အတွင်းက နွှံတွေဟာ ရေစီးသဖွယ် နမ့်မှော်ကျေးရွာ ရွာလည်လမ်းမကြီးအတိုင်း ဝင်ရောက်လာခဲ့ပြီး လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
နွှံကန်ပေါက်ကျရတဲ့အကြောင်းအရင်းက နဂိုရှိပြီးသားနွှံကန်အတွင်းသို့ နေ့စဉ်နှင့်အမျှ ကျောက်စိမ်းတူးဖော်ထားတဲ့မြေစာများ လာရောက်စွန့်ပစ်မှုများပြားတာကြောင့်ဖြစ်တယ်လို့ ဒေသခံ ကျောက်စိမ်းကုန်သည်တစ်ဦး ကပြောပါတယ်။
“ ဘယ်လိုပြောကြသလဲဆိုရင် ဒီနေရာက သူတို့လုပ်ထားပြီးသားလေ။ ရှိပြီးသားကို အပေါ်ကနေ ဖို့ဖို့ချနေတော့ နွှံကန်ကမခံနိုင်တော့ပြိုကျတာပေါ့ နွှံကန်ကလည်း ရေနဲ့ဆိုတော့ ဖျော်ထားသလိုဖြစ်နေတော့တာ။အဲ့လိုကျတော့ အပေါက်လေးတစ်ပေါက်ကနေ ဆွဲချလိုက်တာနေမှာပါ့” လို့ ထိုကုန်သည်တစ်ဦးကပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်မှုတွေဟာ အခုကာလမှာ အလွန်အကျွံတူးဖော်မှုတွေပြုလုပ်လာကြပြီး သယံဇာတတူးဖော်မှုဆိုင်ရာ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေအားလုံးကို အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်များက လျစ်လျူရှုထားနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း အခုလိုနွှံကန်ပေါက်ကျမှုကြောင့် ကလေးငယ်အပါအဝင် ရုပ်အလောင်း ၃၁ ခုရှာဖွေတွေ့ရှိခဲ့ပြီး နေအိမ် ၅၀ ကျော် နစ်မြှုပ်ခဲ့တာလည်းဖြစ်ပါတယ်။