
စက်တင်ဘာ ၂၅ ၊ သီပေါ
စစ်ရေးပြင်းထန်နေတဲ့ ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်အတွင်းမှာ သတင်းပေးသူတွေကို တအာင်း(ပလောင်) တပ် TNLA က ဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သတင်းပေးသူတွေဟာ စစ်တပ်က စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နဲ့ သတင်းပေးသူ(ဒလန်) တွေဖြစ်ပြီး စုစုပေါင်း ၁၀ ဦးကျော်ကို ဖမ်းဆီးမိခဲ့တာလို့ဆိုပါတယ်။
၎င်းတို့ကို လားရှိုးမြို့ကနေ စေလွှတ်ခဲ့တာဖြစ်ပြီး TNLA ထိန်းချုပ်နေဆဲ ကျောက်မဲ နဲ့ သီပေါမြို့နယ်အတွင်းကို ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဝင်ထွက်သွားလာပြီးတော့ TNLA ရဲ့ လှုပ်ရှားမှု ၊ တည်နေရာ တွေကို စုံစမ်းကြတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ် လွယ်ကူစွာဝင်ရောက်နိုင်မယ့် လမ်းနဲ့ ထောက်ပို့လမ်းကြောင်းအခြေအနေများကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့ကြတာလို့ဆိုပါတယ်။
သူတို့အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာတွင်လည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နှင့် လူရှင်းသည့်နေရာများတွင် လူချင်းတွေ့ပြီး တစ်ဦးနှင့်တစ်ဦးသတင်းပေးကာ စစ်တပ်ထံကို အွန်လိုင်းကနေ သတင်းပေးပို့ကြတာလို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ TNLA က ထုတ်ပြန်ခြင်းမရှိပါဘူး။
မနေ့က စက်တင်ဘာလ ၂၄ ရက်နေ့မှာလည်း ကျောက်မဲမြို့နယ်ရဲ့ အနောက်ဘက် မိုးကုတ်-ကျောက်မဲလမ်းပေါ်က မိုင်းတင်းကျေးရွာအုပ်စု ပင်တီးကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာလအတွင်းမှာ လေကြောင်း ၊ လက်နက်ကြီး နဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေဟာ ကျောက်မဲမြို့နယ်မှာ ၆ ကြိမ် ၊ သီပေါမြို့နယ်မှာ ၁ ကြိမ် ၊ မိုးကုတ်မြို့နယ်မှာ ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာ ကျောက်မဲမြို့နဲ့ ခုနှစ်မိုင်အကွာက ဗျူဟာလမ်းမပေါ်ရှိ နားအိုက်ခန့်ရွာအနီးမှာ TNLA နဲ့ စစ်တပ်တို့ကြား တိုက်ပွဲပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။
