နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့တဲ့ (၅၈) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်းအတွဲ ၂၁၅၀ ခင်းကျင်းရောင်းချခဲ့ရာမှာ အတွဲ ၁၅၄၄ တွဲ ရောင်းထုတ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကျောက်မျက်ရတနာပြပွဲကို မတ်လ၁၇ရက်ကနေ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကျောက်စိမ်းအတွဲထက်ဝက်ကျော်ရောင်းချခဲ့ရတာဖြစ်ပါတယ်။
“ကျောက်တန်ဖိုးကတော့ စျေးနှုန်းတန်တယ်လို့ပြောရမယ် တရုတ်ဝယ်လက်ကြီးတွေတော်တော်လေးဝယ်ကြတယ်၊ ဝယ်တယ်ဆိုတာကလည်းမြတ်လို့ဝယ်ကြတာလေ အလုံးကြီးတွေကော အသေးတွေကော ” လို့ ကျောက်မျက်ပြပွဲမှာရောက်ရှိနေသည့် ကျောက်စိမ်းကုန်သည်တစ်ဦးက ပြောပါတယ်။
ကျောက်မျက်ပြပွဲမှာ ပြသရောင်းချထားတဲ့ ကျောက်စိမ်းအတွဲတချို့ဟာ ကျောက်စိမ်းထွက်ရာ ဖားကန့်မြို့နယ်မှာ မရနိုင်သည့် စျေးနှုန်းဖြင့် ရောင်းချခဲ့မှုတွေလည်းရှိတယ်လို့ ထိုကျောက်စိမ်းကုန်သည်ရဲ့ပြောဆိုမှုအရ သိရပါတယ်။
( ၅၈) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်းအတွဲတွေရဲ့ ကြမ်းခင်းစျေးကို ယူရိုငွေနဲ့ သတ်မှတ်ထားတာလည်းဖြစ်ပြီး အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချတာလည်းဖြစ်ပါတယ်။
ကျောက်မျက်ရတနာပြပွဲမှာ ဖားလုံးခင်းဖားကန့်မြို့နယ် မက်လင်ချောင်မှော်၊ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက် ( ၂ ) မှ တူးဖော်ရရှိတဲ့ ၃၀၈ တန်ခန့်ရှိ ကျောက်စိမ်းတုံးကြီးမှ ဖြတ်ယူရရှိထားတဲ့ ၃၅ တန်ရှိတဲ့ကျောက်စိမ်းတုံးကိုလည်း ပြန်လည်ထည့်သွင်းရောင်းချထားတာကိုတွေ့ရပါတယ်။
ဒီကျောက်စိမ်းတုန်းက လွန်ခဲ့တဲ့ (၅၇) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲမှာ ခင်းကျင်းပြသထားခဲ့ပြီး အခြေခံဈေးနှုန်း အနေဖြင့် ယူရိုငွေ ၅ သန်းကျော် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။
၅၈ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်းတွေအပြင် ပုလဲအတွဲ ၂၉၅ တွဲမှာ ၂၉၀တွဲ၊ ကျောက်မျက်အတွဲ ၂၁၀မှာ ၇၇တွဲ တို့ကိုရောင်းချနိုင်ခဲ့ပြီး ရောင်းချရတဲ့ စုစုပေါင်းတန်ဖိုးကိုတော့ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
မြန်မာ့ ကျောက်မျက်ရတနာတွေကို တော်လှန်ရေးကောင်စီ အစိုးရလက်ထပ် ၁၉၆၄ ခုနှစ် ကတည်းက ကျောက်မျက်ရတနာတွေကို ပြပွဲကျင်းပပြီးရောင်းချခဲ့တာလည်းဖြစ်ပါတယ်။