ကြိုးဝိုင်းကာကွယ်တောအတွင်းစစ်ကောင်စီနှင့်မသမာသူတချို့ပူးပေါင်းပြီးသစ်ခိုးထုတ်မှုများပြုလုပ်နေ

ပါထွန်ကြိုးဝိုင်းအတွင်း သစ်ထုတ်လုပ်နေမှုကို တွေ့မြင်ရစဉ် Photo/ShanNi Voice

စက်တင်ဘာ ၁၈ ၊​ ဗန်းမောက် 

ဗန်းမောက်မြို့နယ် ပင်ပုံကျေးရွာအုပ်စုအတွင်းရှိ ပါထွန်ကြိုးဝိုင်းကာကွယ်တောအတွင်း စစ်ကောင်စီ နှင့် မသမာသူတချို့ပူးပေါင်းပြီး သစ်ခိုးထုတ်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။​

“ ဒေသခံနယ်မြေကန့်ကွက်ထားတဲ့တောကို ခြိမ်းခြောက်ပြီး လုပ်စားနေတာ ၊ စစ်ကောင်စီ နဲ့ပေါင်းပြီးလုပ်တာ မန်းလေးကိုပို့တာ ဒေသခံတွေလည်းကြောက်နေကြတာ” ဟု ပင်ပုံဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။ 

သစ်ထုတ်လုပ်မှုကြောင့် ဒေသခံများအသုံးပြုနေရသည့် စိမ့်စမ်းရေထိခိုက်ပျက်စီးနေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကြုံနေရကြောင်း သိရသည်။ 

ဩဂုတ်လတွင် မိုးသည်းထန်စွာရွာသောကြောင့် ပင်ပုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် လမ်းမများပေါ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ 

သစ်ထုတ်လုပ်မှုများကို ကန့်ကွက်တားဆီးရန်အတွက်လည်း ဒေသခံများကလည်းကြောက်ရွံ့နေကြောင်းသိရသည်။ 

“ အခုဟာက ကန့်ကွက်တားဆီးလို့မရဘူး၊ အကောင်လိုလိုဘာလိုလိုလုပ်စားနေတာခ၊ ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေက အကြောက်တရားအားကြီးလွန်းတော့ သိတဲ့အတိုင်းပဲ၊အခုအချိန်က ဘယ်သူမှခေါင်းမဖော်ရဲဘူး” ဟု ၎င်းကဆက်ပြောသည်။ 

၎င်းကြိုးဝိုင်းကာကွယ်တောအတွင်း သစ်ထုတ်လုပ်ရန် ၂၀၁၅ ခုနှစ်က မြတ်နိုးသူကုမ္ပဏီက လာရောက်ခဲ့သော်လည်း ဒေသခံများနှင့် မျိုးဆက်သစ် ရှမ်းနီလူငယ်များက ကန့်ကွက်မှုကြောင့် မလုပ်ဖြစ်ခဲ့ပေ။ 

မြန်မာနိုင်ငံအတွင်းတွင် စစ်ကိုင်းတိုင်းသည် သစ်တောကြိုးဝိုင်းကာကွယ်တောအရေအတွက်အများဆုံးဖြစ်ပြီး ဧက ၇ သန်းခွဲကျော်ရှိကြောင်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *