စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့နယ်တွေမှာ စက်သုံးဆီစျေးနှုန်းတွေမြင့်တက်လာမှုကြောင့် လျှပ်စစ်ဓာတ်အားခတွေ ပိုမြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တို့မှ စက်သုံးဆီသယ်ယူပို့ဆောင်ရေးခက်ခဲမှုနဲ့ စျေးနှုန်းမြင့်တက်မှုကြောင့် တစ်ယူနစ်ကို တစ်ထောင်ကျပ် ကျော် ကျသင့်နေတယ်လို့သိရပါတယ်။
“ ဆီစျေးတက်လို့ပဲဖြစ်နိုင်ပါတယ်။ဒီမှာကဆီစျေးကမတန်တဆလမ်းမှာလာတာလည်းဆီကားကလမ်းမှာတစ်လကြာတယ်။တစ်ခါတစ်လေကျရင်ရက်နှစ်ဆယ်တစ်ခါတစ်လေကျရင်တစ်လကြာတယ်။ဆီကားဒီကိုရောက်ဖို့လမ်းမှာအခက်အခဲရှိတယ်။ပြီးတော့ဒီဇယ်စျေးကအများကြီးတက်တဲ့အခါကျတော့မီတာခကမတက်လို့မရတာ” လို့ဟုမ္မလင်းမီးသုံးစွဲတဲ့အိမ်ထောင်ရှင်မတစ်ဦးကပြောပါတယ်။
ခန္တီးမြို့ကို ရွှေထွန်းတောက် လျှပ်စစ်ဓာတ်အားပေးရေးနဲ့ မြန်မာ့လျှပ်စစ်နဲ့ စွမ်းအင်တို့က ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အားပေးနေသလို ၊ ဟုမ္မလင်းမြို့ကို ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီက လျှပ်စစ်ဓာတ်အားကို ဒီဇယ်စက်တွေနဲ့ ပေးနေတာလည်းဖြစ်ပါတယ်။
ဒီဇယ်ကစျေးနှုန်းတွေကို မုံရွာစျေးနှုန်းနဲ့ တွက်ချက်ပြီးတော့ လျှပ်စစ်ဓာတ်အားခကို ကောက်ခံတာဖြစ်တယ်လို့လည်းဆိုပါတယ်။
“ အခုဒီဇယ်စျေးကခုနှစ်သိန်းခုနှစ်သောင်း၊တန်ဆာခကခုနှစ်သောင်းဆိုတော့ငါတို့အလုပ်တွေအားလုံးနားထားရပြီ။လုပ်စားကိုင်စားရတာမလွယ်ဘူး” လို့ဟုမ္မလင်းနတ်နန်းကျေးရွာကလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
ခန္တီးမြို့ နဲ့ ဟုမ္မလင်းမြို့ရဲ့ စက်သုံးဆီသယ်ယူရေးက ချင်းတွင်းမြစ်ကြောင်းကို အဓိကအားထားနေရပြီး ချင်းတွင်းမြစ်တွင်းမှာလည်း တိုက်ပွဲတွေရှိနေတာကြောင့် သယ်ယူပို့ဆောင်ရေးနှောင့်နှေးနေတာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက တည်းကဖြစ်ပါတယ်။
အဲ့အချိန်တုန်းက ခန္တီးမြို့မှာ လျှပ်စစ်ဓာတ်အားအသုံးပြုခ တစ်ယူနစ်ကို ၈၁၅ ကျပ်ကျသင့်ခဲ့ပြီး လက်ရှိမှာ တစ်ယူနစ် ၁၀၉၀ ကျပ်အထိမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့မှာတော့ တစ်ယူနစ်ကို တစ်ထောင့်နှစ်ရာ့ငါးဆယ်ကျပ် ကျခဲ့ပြီး ဧပြီလက တစ်ယူနစ် တစ်ထောင့်တစ်ရာ့နှစ်ဆယ် ကျသင့်တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက အိမ်ထောင်စု ၁၀ ရာခိုင်နှုန်းကသာ ဒီလိုလျှပ်စစ်မီးကိုအသုံးပြုနေတာဖြစ်ပြီး ခန္တီးမြို့မှာလည်း အိမ်ထောင်စု ၂၀ ရာခိုင်နှုန်းကသာ လျှပ်စစ်မီးကို အသုံးပြုနေရတာလည်းဖြစ်ပါတယ်။