ခန္တီးမြို့တွင် ကင်းလှည့်နေသည့် ရဲကပစ်ခတ်မှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီးသေဆုံး

နိုဝင်ဘာ၂၂  ခန္တီး 

ခန္တီးမြို့တွင် ကင်းလှည့်နေသည့်ရဲ့က ပစ်ခတ်မှုကြောင့် ခန္တီးမြို့ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်ညွှန့်ညွှန့်ဝင်း သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ 

“  ရဲကင်းလှည့်နေတဲ့ ဆိုင်ကယ်ကို ခယက ကတော်သူကိုယ်တိုင်မောင်းလာတဲ့ကားက ရဲဆိုင်ကယ်ကို ပွတ်သွားတဲ့သဘောပေါ့နော် ၊ အဲ့တာကို သူလည်းသိချင်မှသိမှာ ၊ အဲတာကို သူတို့ဆိုင်ကယ်ကိုပွတ်သွားတယ်ဆိုပြီးမှ ရဲတွေက လိုက်ပစ်တာ သူကလည်း ကားမရပ်ဘူး ၊​ခန့်မှန်းခြေ ဆယ့်ငါးချက် အချက် ၂၀ အဲ့လောက်တော့ကြားတယ်ပေါ့ နောက်တော့ ကားလည်းရပ်သွားပြီ ၊ ကားပေါ်ပါတဲ့ ခယကကတော်ညလည်းဆုံးပြီပေါ့နော်”  ဟု ဒေသခံ တစ်ဦးက ရှမ်းနီအသံကို ပြောဆိုသည်။ 

ထိုဖြစ်ပွားမှုက နိုဝင်ဘာလ (၂၁) ရက်နေ့ည (၇) အချိန်က ခန္တီးမြို့မရပ်ကွက် ကမ်းနားလမ်း ရွှေမုခ်တောစေတီအနားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ယနေ့ နံနက်ပိုင်းကလည်း ညကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး စစ်ဆေးမှုများနှင့် ဖြစ်ပွားခဲ့သောပုံစံများပြန်လည်လုပ်ခိုင်းခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲများကိုလည်း အရေးယူနိုင်ချေရှိနေကြောင်း ပြောဆိုမှုများရှိနေသည်။ 

ခန္တီးမြို့တွင် နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း ခန္တီးမြို့ ဆောက်လုပ်ရေးဦးစီးဌာန၏ အိမ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး  လူထိခိုက်ဒဏ်ရာမရခဲ့ကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *