ခန္တီးမြို့နဲ့ဟုမ္မလင်းမြို့တွေမှာအပူချိန်စံချိန်သစ်တင် 

ဇူလိုင် ၁၅ ၊ ခန္တီး 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့နဲ့  ဟုမ္မလင်းမြို့တွေမှာ အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

ဒီအပူချိန်တွေက နှစ်ပေါင်း ၅၇ နှစ်အတွင်း စံချိန်သစ်တွေလည်းဖြစ်ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့မှာ ဟုမ္မလင်းမြို့မှာ ၃၈.၃ ဒီဂရီစင်တီဂရိတ် နဲ့ ခန္တီးမြို့မှာ ၃၉.၃ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်သစ်တင်ခဲ့တာလည်းဖြစ်ပါတယ်။ 

စံချိန်တင်ခဲ့ဖူးတဲ့  ဟုမ္မလင်းမြို့မှာ ၂၀၁၈ ခုနှစ်က အမြင့်ဆုံးအပူချိန် ၃၇ ရှိခဲ့သလို ခန္တီးမြို့မှာ ၃၉ ဒီဂရီစတင်တီဂရိတ်ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

“ ရာသီဥတုပြောင်းလဲမှုတွေနဲ့လည်း သက်ဆိုင်မှုတွေကတော့ရှိမှာပေါ့နော် ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုတွေဖြစ်နေတယ်ဆိုတော့  အနည်းနဲ့အများ ပြောင်းလဲမှုတော့ရှိလာမှာပါ။ အဲ့ဒီပြောင်းလဲမှုကြောင့်လည်း အခုလို နည်းနည်းပိုပူလာတယ်ဆိုတာရှိလာပါတယ်။  အဲ့ထဲမှာ ဘယ်လောက်ပြောင်းလဲလာသလဲဆိုတာ သုတေသနလုပ်ကြည့်မှပဲသိမှာပေါ့လေ ကျွန်တော်တို့ဒေသခံတွေအနေနဲ့ကလည်း ပြောင်းလဲမှုရှိနိုင်တယ်။ အဲ့လိုကြောင့်ပဲအခုလိုပိုပူလာတယ်လို့ ပြောလို့ရတယ်။” လို ခန္တီးဒေသခံ ကိုအုန်းလွင်က ပြောပြပါတယ်။

ခန္တီးမြို့မှာ ဒီနှစ်ဇူလိုင်လက ယခင်နှစ်တွေထက်မိုးပိုနည်းတာကြောင့် ဒီလိုအပူချိန်တွေတိုးလာတာဖြစ်တယ်လို့ ဒေသခံ ကိုအုန်းလွင်က သူ့အမြင်ကိုပြောပြပါတယ်။ 

“ အခုတလော တအားပူတယ်​ ၊ ဒီနေ့မှ မပူတာ  မိုးကတအားမရွာဘူး  ။ နေပူလိုက် နေကြီးပဲ ဆက်တိုက်ပူလိုက်ဆိုတော့ ပူတာက နေ့ရော ညရော” လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဟုမ္မလင်းမြို့နယ်ရဲ့ အပူချိန်က လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်းမှာ အပူချိန် ၄၁.၄ ဒီဂရီစင်တီဂရိတ်ထိ ရောက်ခဲ့ဖူးတယ်လို့ Norwegian Meteorological Institute ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *